ကုန်စိမ်းဈေးကွက်မှာ ဂေါ်ဖီထုပ်ကို အနယ်နယ်အရပ်ရပ်က ဝယ်လိုအား ရှိနေပေမယ့် ရာသီပေါ်ချိန်မဟုတ်တဲ့ အတွက် ကုန်အဝင်နည်းပြီး ဈေးအဆမတန် မြင့်တက်လာတယ်လို့ ရှမ်းပြည်အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံမှ သိရပါတယ်။
#Local_News
#Published_ 24 June 2024
#ဂေါ်ဖီထုပ်ဝယ်လိုအားများ #ဈေးအဆမတန်မြင့်တက်
#YMG/LW #Yangon_Times
ရန်ကုန်မြို့ရှိဆိပ်ကမ်းများသို့ စားအုန်းဆီတင်သင်္ဘောတွေ ပုံမှန်ဆိုက်ကပ်နေပြီး ဆီသိုလှောင်ကန်ကြီးတွေကနေ စားအုန်းဆီတွေကို ပြည်တွင်းဖူလုံရေးအတွက်စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
#Published_ 24 June 2024
#စားအုန်းဆီသိုလှောင်ကန်ကြီး #ပြည်တွင်းဖူလုံရေး
#YMG/NN #Yangon_Times
သင်္ဘောလိုက်မယ့် မြန်မာအမျိုးသား၊ အမျိုးသမီးသင်္ဘောသားတွေအနေနဲ့ ရိုးရိုးအင်္ဂလိပ်စာမျိုးတတ်ကျွမ်းရုံမလုံလောက်ဘူး၊ လုပ်ငန်းသုံး အင်္ဂလိပ်စာတတ်ကျွမ်းဖို့လိုလို့ အခုလိုလုပ်ငန်းခွင်သုံးအင်္ဂလိပ်စာသင်တန်းကို MSF ကအခမဲ့ဖွင့်လှစ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
#Published_ 24 June 2024
#သင်္ဘောလုပ်ငန်းသုံး #အင်္ဂလိပ်စာသင်တန်းအခမဲ့
#tthl #Yangon_Times
#Local_News
Published_ 24 June 2024
▪️ မြန်မာပညာရေးလောကကို နှစ်လရှည်ကြာစွာဦးဆောင်ပဲ့ကိုင်သူခဲ့သူတစ်ဦးဖြစ်သလို တစ်သက်တာစာပေဆုရှင်လည်းဖြစ်သည့် ဝဏ္ဏကျော်ထင် ဆရာကြီး ပါရဂူဒေါက်တာသန်းဦး(ပြည်စိုးမင်း) ဇွန်လ၂၃ ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
▪️ ကွယ်လွန်ချိန်တွင် အသက်(၉၇)နှစ်ရှိပြီဖြစ်ပြီး ဇွန်(၂၅)ရက်မနက်၁၁နာရီအချိန်တွင် ရေဝေးသုဿန်၌သဂြိုဟ်သွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ ဆရာကြီး ပါရဂူဒေါက်တာသန်းဦး(ပြည်စိုးမင်း)နှင့် ပတ်သက်၍ စာရေးဆရာဟိန်းလတ်က"ဆရာကြီးဦးသန်းဦးကိုပညာရေးလောကမှာမသိသူမရှိ။ မြန်မာပညာရေးလောကကိုနှစ်လရှည်ကြာစွာဦးဆောင်ပဲ့ကိုင်သူကြီး။ ကျွန်တော်မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့မှာ စတင်လုပ်ကိုင်တော့ဆရာကြီးကဥက္ကဌပါ။ ဆရာကြီးရဲ့ပညာရည်ပြည့်ဝမှု စိတ်ရင်းစေတနာကောင်းမှုနဲ့ခေါင်းဆောင်မှု အရည်အသွေးတွေအောက်မှာ လုပ်ကိုင်ခွင့်ရခဲ့တာ ကျွန်တော်ကံထူးတာပါပဲ။ ကျွန်တော့်ရဲ့စာပေဝါသနာကိုလည်းမြေတောင်မြှောက်ပေးသူကျေးဇူးရှင်ကြီးပါ။ သက်တော်ရှည်ပညာရေးပါရဂူစာရေးဆရာကြီးဒေါက်တာသန်းဦးကောင်းရာသုဂတိလားပါစေ"ဟုရေးသားဖော်ပြထားသည်။
▪️ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှလည်း ဝမ်းနည်းကြောင်းဖော်ပြထားသည်။
▪️ တောင်ဥက္ကလာပ မြို့နယ် စာရေးဆရာအသင်းမှလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယခုလိုဖော်ပြထားသည်။
▪️ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းက လေးစားဂုဏ်ယူ တန်ဘိုးထားရပါသော ဆရာကြီး ဒေါက်တာ သန်းဦး(ပြည်စိုးမင်း)အသက် ၉၇ နှစ် သည် ယနေ့( ၂၃. ၆. ၂၀၂၄ )နေ့တွင် ကွယ်လွန်ကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်အတူ လွမ်းဆွတ် သတိရ ပူဆွေးသောက မျှဝေခံစားရပါကြောင်း။
▪️ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၏ ဥက္ကဋ္ဌ ဟောင်း (စာပေ ဗဟို တွဲမှူး ၃)ဦးအောင်ကြည်(အောင်ကြည်ညွန့်- တက္ကသိုလ်)၊ လက်ရှိဥက္ကဋ္ဌ ဦးမြတ်ကျော်(မောင်မြကျော်) တို့၏ လက်ဦးဆရာဖြစ်ပေသည်။
▪️ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းက ၂၀၂၃ ခုနှစ် အမျိုးသားစာပေတစ်သက်တာစာပေဆုရ ဆရာကြီး ဒေါက်တာသန်းဦး ကိုဂုဏ်ပြုငွေ ကျပ်တစ်သိန်း ဂုဏ်ပြုချီးမြင့်ခဲ့ပါသေးသည်။
▪️ ဆရာကြီး၏ ပညာရေးကဏ္ဍအပေါ် ထားရှိခဲ့သည့် ကျေးဇူးတရားများက ချီးကျူး၍ဂုဏ်ယူမဆုံးဖြစ်ရပါကြောင်းပါခင်ဗျာဟု ရေးသားဖော်ပြထားကြောင်း သိရသည်။
▪️ ဆရာကြီးသည်၁၉၇၆ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ မြန်မာနိုင်ငံ ပညာရေးသုတေသနဗျူရိုမှာ ဥက္ကဋ္ဌ၊ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ၁၉၈၉ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနရဲ့အကြံပေးပုဂ္ဂိုလ်၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင် မြန်မာနိုင်ငံစာတတ်မြောက်ရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ၁၉၄၆ ခုနှစ်မှ စတင်ထမ်းဆောင် ခဲ့ရာ မြန်မာနိုင်ငံစာတတ်မြောက်ရေးကြိုးစားလှုပ်ရှား မှုအတွက် ယူနက်စကိုအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်သော ၁၉၇၁ခုနှစ် ယူနက်စကိုဆု(မိုဟာမက်ရီဇာဖာလာဗီဆု)ကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုင်ငံ့ကိုယ်စား တက်ရောက် လက်ခံယူခဲ့သည်။
▪️ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအလုပ်သမားအစည်း အရုံးဗဟိုအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသုတေသနအသင်း အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။
▪️ ''မြန်မာနိုင်ငံပညာရေးဆိုင်ရာသမိုင်း''စာအုပ်ဖြင့် ၁၉၉၉ ခုနှစ်တွင် ''အမျိုးသားစာပေဆု'' ကိုရရှိခဲ့သည်။
▪️ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန် တက္ကသိုလ်အထူးဘွဲ့နှင်းသဘင်တွင်ချီးမြှင့်သော ''ဂုဏ်ထူး ဆောင် စာပေပါရဂူ'' ဘွဲ့ကို ရရှိခဲ့သည်။
▪️ ၂ဝ၁၅ ခုနှစ် မေ ၁၆ ရက်တွင် ဟာဝိုင်ရီတက္ကသိုလ် (၁ဝ၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်တွင်ချီးမြှင့်သော ''ဂုဏ်ထူး ဆောင်လူ ထုအကျိုးပြုစာပေပါရဂူ''ဘွဲ့ကိုလည်း ရရှိခဲ့သည်။
▪️ ယခုအခါ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးသန်းဦးဖောင်ဒေးရှင်းအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
#tthl #Yangon_Times
#Local_News
Published_ 24 June 2024
▪️ ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား ၇၀၀ ခန့်ကို ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာပေးပိုထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
▪️ မြန်မာသံရုံးအနေနဲ့ဂျပန်နိုင်ငံမှ ကုမ္ပဏီတွေက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၂၁၂ ခုရဲ့ အချက်အလက်တွေကို စိစစ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
▪️ ထိုသို့စိစစ်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနဲ့အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီတွေဟာဂျပန်နိုင်ငံမှာတရားဝင်တည်ထောင်ထားတာရှိ/မရှိ စာရွက်စာတမ်း အထောက်အထားတွေနဲ့ စစ်ဆေးနေတာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
▪️ စိစစ်မှုအရ မြန်မာအလုပ်သမား အမျိုးသား ၂၈၀ ခန့်၊ အမျိုးသမီး အယောက် ၄၀၀ ကျော်၊ စုစုပေါင်း အလုပ်သမား ၇၀၀ ခန့် ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
▪️ ဇွန် ၁၄ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၃၆၀ ကျော်က မြန်မာလုပ်သား ၁၅၀၀ ကျော် ခေါ်ယူသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါသေးတယ်။
#Ymg_mnn #Yangon_Media_Group
#Local_News
Published_ 24 June 2024
▪️ လာမည့်ရက်ပိုင်းဇွန်လ(၂၅)ရက်နှင့်(၂၆)ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဇွန်(၂၅)ရက်မနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့်မိုးသည်လေပြင်းတိုက်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ရန်လိုအပ်သည်။
▪️ ပြီးခဲ့သည့် ၂၄နာရီအတွင်း မိုးရေချိန်များခဲ့သော ဒေသများရှိပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဘီးလင်းမြို့တွင် ၄.၂၅ လက်မ၊ ကိုကိုးကျွန်းမြို့တွင် ၃.၈၅ လက်မ၊ မြိတ်မြို့တွင် ၃.၇၁ လက်မ၊ ရွှေကူမြို့တွင် ၃.၃၉ လက်မ၊ မဒေါက်မြို့ တွင် ၃.၁၁ လက်မ၊ မိုးညှင်းမြို့တွင် ၂.၉၁ လက်မ၊ မိုးကုတ်မြို့တွင် ၂.၈၀ လက်မ၊ ကျောက်မဲမြို့တွင် ၂.၆၇ လက်မ၊ ရွှေကျင်မြို့တွင် ၂.၆၄ လက်မနှင့် ဘားအံမြို့တွင် ၂.၆၀ လက်မတို့ ရှိခဲ့သည်။
▪️ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 24 June 2024
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ယခုနှစ်အတွင်း၁၃ ကြိမ်မြောက်အဖြစ် အထူးကု ဆေးကုသရေး ခရီးစဉ်များစေလွှတ်ကာဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေး ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေး ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်လည်း မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး - ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ သွားရောက်ကာ ခရိုင်ပြည်သူ့ဆေးရုံ၊ ကော့သောင်းမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊
▪️ အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၁၁၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၅၆ ဦး၊ ကလေးနှလုံးဆေးကုသမှုဆိုင်ရာ ၁၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ ၁၁၈ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၁၂၇ ဦး၊ အထွေထွေရောဂါဆေးပညာလူနာ ၁၉၀ စုစုပေါင်း ဒေသခံပြည်သူ ၆၂၅ ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ခြောက်ဦး၊ ကလေးနှလုံးရောဂါလူနာ တစ်ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းလူနာ သုံးဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ခံယူနိုင်ရန် ရန်ကုန်ရှိသက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၂၄ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၆၅ ဦး၊ ဓာတ်ခွဲစမ်းသပ်မှု ၆၄ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၁၀ ဦး၊ Ultrasound ရိုက်ကူးခြင်း ၃၄ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၂၁၄ ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ကြောင်း၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 230 of 1873