#LocalNews
Published - 3 Feb 2022
ရှမ်းနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းနိုင်ဖို့ အောင်လအင်န်ဆန်း၏ ဘောင်းဘီနှင့် လက်အိတ်များကို လေလံတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ Kachin Alliance(ကချင်မဟာမိတ်အဖွဲ့ )က ထုတ်ပြန်ထားပါတယ်။
အဆိုပါ လေလံကို ဇန်နဝါရီလ ၂၄ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်တွင် လေလံရက်ကုန်ဆုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။
လေလံပွဲမှ ရရှိလာမည့် အလှူငွေများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အရေးပေါ်လိုအပ်နေသည့် နေရာများအတွက် လှူဒါန်းသွားမည်ဖြစ်ပြီး ပစ္စည်းတစ်ခုအတွက် ကြမ်းခင်းဈေးသည် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖြစ်ပြီး အနိမ့်ဆုံးလေလံဈေးတိုးမြင့်ရန်
ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၀၀ ဖြစ်တယ်လို့ Kachin Alliance(ကချင်မဟာမိတ်အဖွဲ့ )ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ရရှိသောငွေများကို စစ်ဘေးတိမ်းရှောင်သူများ၊ ကိုဗစ်ရောဂါကာကွယ်ရေး၊ ကုသရေးများနှင့် အခြေအနေအရပ်ရပ်ကြောင့် ပညာဆက်မသင်နိုင်သည့်သူများကို ပညာရေးထောက်ပံ့စရိတ်များအဖြစ် ကူညီသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်၊မတ်လ ၃၁ ရက် နေ့က ချန်ပီယံအောင်လအင်န်ဆန်းနှင့် ဂျပန်နိုင်ငံသား Ken Hasegawa တို့၏ပွဲတွင် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီ၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ချန်ပီယံ အောင်လအင်န်ဆန်းနှင့် Brandon Vera တို့၏ ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီနှင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် အောင်လအင်န်ဆန်းနှင့် Leandro Alaides တို့ပွဲတွင် ဝတ်ဆင်ခဲ့သည့် လက်ဝှေ့အိတ်တို့ကို လေလံတင် ရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - AungLa Nsang(Burmese Python)
ymg/kg
#Yangon_Media_Group
#DailyNews
(၁) စက်သုံးဆီဆိုင်များက အဝေးပြေးကုန်စည်ပို့ဆောင်ရေးယာဉ်များကို တစ်လီတာလျှင် တစ်ရာကျပ် လျှော့၍ရောင်းပေး
(၂) အိုမီခရွန်ပြည်တွင်းကူးစက်မှုရှိလာသော်လည်း ကုသရေးစင်တာများ ပြန်လည်စတင်ရန် ညွှန်ကြားထားခြင်းမရှိသေး
(၃) နေ့စဉ်မိုးလေဝသတင်း
(၄) တရုတ်နိုင်ငံအရှေ့မြောက်ဘက်ရှိ အမျိုးသားဥယျာဉ်တွင် ကျားပေါက်လေး ၅ ကောင်ကို ဗီဒီယိုကင်မရာမှတဆင့် တွေ့မြင်ခဲ့....... အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published- 3 Feb 2022
ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် မြန်မာတရားမဝင်လုပ်သားတစ်ဦးသေဆုံးမှုအပေါ် ရဲဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မှန်ကန်မှု ရှိ မရှိ၊ ပြစ်မှု မြောက်ခြင်း ရှိ မရှိ၊ သေဆုံးသူအတွက် တရားမျှတမှု ရရှိရေးနဲ့သင်္ဂြိုဟ်ပေးနိုင်ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မဲဆောက်မြို့အခြေစိုက် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၂နာရီအချိန်တွင် ကန်ချနဘူရီပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ပစ်ကပ်မော်တော်ယာဉ်တစ်စီးကို စိုင်ရိုခရိုင်အဝင်ဂိတ်တွင် စစ်ဆေးမှု မခံယူဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် တာဝန်ကျရဲတစ်ဦးက သေနတ်(M-16)နဲ့ ပစ်ခတ်ခဲ့ရာမှ အလုပ်သမား ကျား တစ်ဦး ခေါင်းထိမှန် သေဆုံးခြင်း၊ မ တစ်ဦး လက်မောင်းနဲ့ ရင်သားအကြား ထိမှန် ဒဏ်ရာရရှိခဲ့ တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ရာမှာအဆိုပါပစ်ကပ်မော်တော်ယာဉ်ပေါ်တွင် တရားမဝင် အလုပ်သမား ၁၀ ဦး တင်ဆောင်လာခြင်းဖြစ်ပြီးဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရဲစခန်းအနီး အလုပ်သမား ၉ ဦး လာရောက် စွန့်ပစ်ခဲ့ပါကြောင်း၊ ကျန်တစ်ဦးအား လိုက်လံရှာဖွေခဲ့ရာ အနီးဝန်းကျင်၌ သေဆုံးရုပ် အလောင်း(ကျား)အား ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊၉ ဦးအနက် ဒဏ်ရာရရှိသူ တစ်ဦး(မ)အား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူစေလျှက်ရှိကြောင်း၊ အသက်အန္တရာယ်မရှိကြောင်းနဲ့ ဆေးရုံဆင်ပြီး ဒဏ်ရာဆေးခြင်း၊ ဆေးထည့်ခြင်းတို့ဖြင့် ကုသပေးလျှက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျန်အလုပ်သမားများအား စိုင်ရိုခရိုင်ရဲစခန်း အချုပ်တွင် ထားရှိကာသေနတ်ဖြင့် ပစ်ခတ်သူ တာဝန်ကျရဲအား စစ်ဆေးလျှက်ရှိပြီး ၎င်းက ထွက်ဆိုသည် မှာ ကားဘီးအား ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ထွက်ဆိုထားပြီး သေဆုံးသူမှာ ပေါက်တောမြို့ နယ်၊ ဘဲရကျေးရွာမှ မောင်အောင်ကျော်စိန်ဖြစ်တယ်လို့ အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်ထားပါတယ်။
ymg/hm
#Yangon_Media_Group
#LocalPolitics
++++++++++++++++++++++++++++++++++++++
Published -3 Feb 2022
နိုင်ငံတွင်ကာကွယ်ရေးစွမ်းပကားမကောင်းပါက သူများကဖင်ပုတ်ခေါင်းပုတ်လုပ်တာခံရလိမ့်မယ်လို့ နစကဥက္ကဋ္ဌကပြောကြားပါတယ်။
ဖေဖော်ဝါရီ လ၂ရက်နေ့ကကျင်းပတဲ့အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)မှာ သူကယခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်" ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေးအား မကောင်းလည်း ပိုက်ဆံမရှိတော့ မျက်နှာငယ် ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ်ဘူး" လို့ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောခဲ့တာပါ။
ယင်းအတွက်ကြောင့် မကျင့်သုံးရသေးသည့် စစ်မှုထမ်းဥပဒေကို တစ်ချိန်ချိန်တွင်လုပ်ကိုလုပ်ရမည်ဟုသူက ဆက်ပြောခဲ့ပါတယ်။ လက်ရှိတွင်မူပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေသေးသည့်အတွက် ကျင့်သုံးလို့မရသေးကြောင်းလည်း သူကပြောပါတယ်။
"ဒီမှာ အမျိုးသားစစ်မှုထမ်းဉပဒေအရ နိုင်ငံသား တွေစစ်မှုထမ်းရမယ်။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ ဟာအတိုင်း ကျွန်တော်တို့ စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ဗျာ၊ တစ်နှစ်ခွဲလည်းဖြစ်ရင်ဖြစ်မှာပေါ့။ အခြေအနေပေါ်မူတည်ပြီးတော့ တိုင်းပြည်ရဲ့အခြေ အနေပေါ်မူတည်ပြီး တော့လုပ်ရမှာပေါ့။ ဒါကလုပ်ရမှာ၊ မလုပ်လို့မရဘူး" လို့ နစကဥက္ကဋ္ဌကပြောခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ဒီနှစ် ၂၀၂၂ ခုနှစ်ဟာ စိန်ခေါ်တဲ့နှစ်တစ်နှစ်လည်း ဖြစ်လာ နေပြီး စီးပွားရေးကိုပြန်လည်တည့် မတ်လာအောင်လုပ်မယ်ဆိုပါက ပြည်သူက ယုံကြည်မှုရှိလာမယ်လို့ပြောဆိုခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 2 Feb 2022
MRTV News Channel အသစ် တစ်ခုကို စတင်ထုတ်လွှင့်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီလ တစ်ရက်က နေပြည်တော် တပ်ကုန်းမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစိန်ရတု ပြတိုက်၊ MRTV News Channel နဲ့ MRTV DTH စနစ်ဖွင့်လှစ်တဲ့ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ နစက တာဝန်ထမ်းဆောင်တဲ့ တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့MRTV News Channel နဲ့ MRTV DTH စနစ်ကို လုပ်တာ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌကက ဆိုပါတယ်။
MRTV News Channel ကို စမ်းသပ်ထုတ်လွှင့်မှုကနေ ပုံမှန်ထုတ်လွှင့်သွားဖို့အတွက် MRTV DTHစနစ်ကိုလည်း လွှမ်းခြုံထုတ်လွှင့်နိုင်ဖို့ စတင်ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV အနေနဲ့ ၁၉၈၀ ပြည့်နှစ် ကတည်းက Analogue စနစ်နဲ့ စတင်ထုတ်လွှင့်ခဲ့ရာကနေ ၂၀၁၃ ခုနှစ်မှာ Digital (DVB-T2) စနစ်နဲ့ တိုးချဲ့ထုတ်လွှင့်နိုင်ခဲ့ပြီး ယခုမှ Digital (DTH) စနစ်နဲ့ ထပ်မံတိုးမြှင့် ထုတ်လွှင့်နိုင်ထားတယ်လို့ ဥက္ကဌက ဆိုပါတယ်။
MRTV စိန်ရတုပြတိုက်ကိုလည်း ပင်မအဆောက်အဦရှေ့မှာ သီးခြားတည်ဆောက်ထားပြီး ပုံစံငယ်များ၊ ရိုက်ကူးရေးယာဉ်များ ထိန်းသိမ်းထားရှိမှုများ၊ စက်ပစ္စည်းနဲ့ အသုံးအဆောင်များ၊ ဓာတ်ပြားနှင့် တိပ်ကြိုးခွေများ၊ တူရိယာပစ္စည်းတွေကို ကဏ္ဍအလိုက်လေ့လာနိုင်အောင် ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။
ဒ့ါအပြင် သတင်းဖတ်ကြားထုတ်လွှင့်တဲ့အခန်းတွေ၊ Virtual Studio အသုံးပြုရိုက်ကူးတာတွေကို လေ့လာနိုင်မှာ ဖြစ်သလို MRTV မှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့ကြတဲ့ ပစ္စည်းကိရိယာတွေကို တွေ့မြင်ရမှာ ဖြစ်ပြီး တခြားအသုံးအဆောင်ပစ္စည်းများပြခန်း စုစုပေါင်း ၄၀ ကို ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
Page 1911 of 1914