#LocalNews
Published - 10 March 2022
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက်အတွက် ထွက်ဆိုကြမည့်သက်သေများ ယနေ့ မတ်လ ၁၀ ရက် တွင်လည်း ရောက်မလာကြသည့်အတွက် သက်သေများမရောက်သည့် ရုံးချိန်း ၃ ကြိမ်ရှိပြီဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
"ချယ်ရီထက်က ဒီနေ့ သက်သေနှစ်ယောက်မလာလို့ပါယ်လိုက်တယ်။ ဟုတ်တယ်၊ ချယ်ရီထက်သက်သေတွေ ပါယ်နေတာပဲ ၊မလာနိုင်ဘူးလေ။ ချယ်ရီထက်သက်သေက ထောင်ထဲကလူတွေဖြစ်နေတယ်၊ ထောင်ကျနေတဲ့သူတွေ အကျဉ်းကျနေတဲ့သူတွေ အဲလိုတွေဖြစ်နေတယ်။ ဒါကြောင့် မလာရင် ပါယ်လိုက်တာပေါ့၊ အခုက ၃ ကြိမ် ရှိပြီ ၊ သက်သေဆိုရင် ၆ ယောက်ရှိပြီ။ပါယ်ခံရတာ ၆ ယောက်ပေါ့ ။ နောက်ထပ် ၆ ယောက်လောက်ကတော့ ကျန်သေးတယ်။တောက်လျှောက် သက်သေမလာဘူးဆိုရင် ဘာဖြစ်မလဲဆိုတော့ လျှောက်လဲချက်ပေးပြီး ထောင်ချမှာပေါ့၊ ဒါပဲရှိတာဘဲ "ဟု ရားရုံးနှင့် နီးစပ်သူက YMG ကိုပြောသည်။
ချယ်ရီထက်မှာ လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်သုံးနှစ်ချမှတ်ခံထားရသူ ဖြစ်သည်။
၎င်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်းစွဲချက်တင်ခဲ့ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် ရုံးချိန်းတွင် ချယ်ရီထက်က မိမိအနေဖြင့် ပြစ်မှုမြောက်စေသည့်ကိစ္စများမလုပ်ခဲ့ကြောင်း သူ့ကိုစွဲဆိုထားသော ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ တရားခွင်တွင် ပြောဆိုခဲ့သည်။
လွန်ခဲ့သော၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံ ၊ လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏သတင်းရုပ်သံဖိုင်များ စသည်တို့ကို အပြန်အလှန်ပေးပို့ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 10 March 2022
ကျွန်းလှဗုဒ္ဓတက္ကသိုလ်(KBU)နှင့် ထိုင်းနိုင်ငံမဟာချူလာလောင်ကွန်ရာဇဝိဒလျတက္ကသိုလ်(IBSC)တို့ အကြား ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ဒီကနေ့(မတ်လ ၁၀)ရက်၊ နံနက်ပိုင်းအချိန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲသို့ IBEC -ဆရာတော်ဒေါက်တာအရှင်သောဘိတ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ-ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်) ဦး ဆောင်သောအဖွဲ့ နှင့် ထိုင်းနိုင်ငံမဟာချူလာလောင်ကွန်ရာဇဝိဒလျတက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာပါ။
ဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဥ်တွင်လည်း ထိုင်းနိုင်ငံရှိ မဟာချူလာလောင်ကွန်တက္ကသိုလ်အကြီးအကဲများဖြင့်တွေ့ဆုံကာ တက္ကသိုလ်နှစ်ခုကြား နားလည်မူစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံသို့ ငြိမ်းချမ်းရေးခရီးစဥ်ကြွချီသွားခဲ့တဲ့ IBEC -ဆရာတော်ဟာ မတ်လ(၇)ရက်နေ့က အဆိုပါနိုင်ငံသို့ရောက်ရှိခဲ့ပြီးမတ်လ(၁၀)ရက်နေ့အထိ နေထိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥ ရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာဖြစ်ပြီး IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လတာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။
IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများကိုလည်း ပြောကြားခဲ့တာဖြစ်တယ်လို့ IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့။
ymg/kg
#Yangon_Media_Group
#DailyNews
Published - 10 Mar 2022
၁။ ရွှေပြန်ရောင်းသူများနေသောကြောင့် တချို့ဆိုင်များ ငွေကို နေ့ချင်းပြီးမရှင်းနိုင်သည့်အခြေအနေရှိနေ
၂။ ချင်းပြည်နယ်မှစစ်ရှောင်လာသည့် လူဦးရေရာကျော်ကို ကလေးမြို့ရှိ ပုညကုသလအသင်းတွင် လက်ခံစောင့်ရှောက်ထား
၃။ မိုလေဝသ သတင်း
၄။ ဂါဇာဒေသတွင် မီးပျက်ခြင်းကြောင့် ဘတ်ထရီအဟောင်းအပျက်များစုပြုံလာပြီး ကျန်းမာရေးအန္တရာယ်ရှိလာနေ.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#Local_Health
Published_ 10 March 2022
ကိုဗစ်-၁၉ စတုတ္ထလှိုင်းတွင် ရောဂါဖြစ်ပွားမှုမှာ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ နေ့စဉ်ပိုးတွေ့မှု သိသာစွာမြင့်တက်လာခဲ့သော်လည်း ယခု မတ်လဆန်းပိုင်းတွင် စတင်ကျဆင်းလာပြီး နေ့စဉ်ရောဂါကြောင့် သေဆုံးမှုမှာလည်း ၀.၁ မှ ၀.၂ ရာခိုင်နှုန်းခန့်သာရှိကြောင်း နစက ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းအတွင်း ရောဂါဖြစ်ပွားသေဆုံးမှုများကို သုံးသပ်ကြည့်ရာ ရောဂါကြောင့် သေဆုံးသူအများစုဖြစ်သည့် ၉၀ မှ ၉၅ ရာခိုင်နှုန်းခန့်မှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုမရှိသူများဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါဖြစ်ပွားမှု လျင်မြန်စွာပြန်လည်ကျဆင်းလာခြင်းနှင့် ရောဂါကြောင့်သေဆုံးမှု လျော့ကျရခြင်းတို့မှာ ကိုဗစ်-၁၉ရောဂါ စတုတ္ထလှိုင်းမစတင်မီကတည်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုများတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ၆၀ ရာခိုင်နှုန်းကျော်ရရှိအောင် ဆောင်ရွက်ထားရှိခဲ့နိုင်ခြင်း၊ အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အရွယ် အခြေခံပညာကျောင်းသား၊ကျောင်းသူ ၁.၅ သန်းခန့်အား ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ခဲ့ခြင်းတို့ကြောင့်ဖြစ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။
ကာကွယ်ဆေးများ ပျက်စီးဆုံးရှံးးခြင်းမဖြစ်စေရေးအတွက် အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိ၍ ပို့ဆောင်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။
ယခုကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်းတွင် တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား ကူစက်မှုနှင့်သေဆုံးမှုများမှာ ကျဆင်းလျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်ချက်များအရ သိရပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများတွင် ကုသရေးလုပ်ငန်းများကို နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ပြီး အောက်ဆီဂျင်လုံလောက်မှုလည်းရှိတယ်လို့သူကပြောပါတယ်
#ymg_mnn
#Yangon_Media_Group
#Local_News
Published 10 march 2022
ရွှေဘဏ်ရဲ့ (၇)ခုမြောက်ဘဏ်ခွဲဖြစ်တဲ့ နေပြည်တော်ဘဏ်ခွဲကို ဇမ္ဗူသီရိမြို့နယ် သပြေကုန်းပွဲရုံတန်းမှာ မတ်လ(၉)ရက် မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
ရွှေဘဏ်ရဲ့ နေပြည်တော်ဘဏ်ခွဲ ဖွင့်လှစ်ပွဲကိုတော့ Chief Executive Officer Mr. Moo Sun နဲ့ Chief Operating Officer ဦးကျော်သက်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရွှေဘဏ်ရုံးချုပ်ကတာ၀န်ရှိသူတွေ၊ နေပြည်တော်ဘဏ်ခွဲက တာ၀န်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
ရွှေဘဏ်(ကျေးလက်နှင့်မြို့ပြဖွံဖြိုးရေးဘဏ်)အနေနဲ့ ရုံးချုပ်နှင့် ရုံးချုပ်ဘဏ်ခွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်မှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာပါ။
လက်ရှိမှာတော့ ရုံးချုပ်နဲ့ နေပြည်တော်ဘဏ်ခွဲ အပါအ၀င် ဘုရင့်နောင်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ ရာဇဓိရာဇ်ဘဏ်ခွဲ၊ ရွှေဂုဏ်သူဘဏ်ခွဲနဲ့ မော်လမြိုင်ဘဏ်ခွဲ စုစုပေါင်း ဘဏ်ခွဲ(၇)ခု ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published- 10 Mar 2022
ရန်ကုန်တိုင်းဒေသကြီး အတွင်း နေ့စဉ် အချိန်ကြာမြင့်စွာမီးပြတ်တောက်တာကြောင့် သုံးရေ ရရှိရေးအခက်အခဲတွေဖြစ်လာနေတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။
တိုင်းဒေသကြီးအတွင်းက ဆင် ခြေဖုံးမြို့နယ်များတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း၊မြောက်ပိုင်း၊အရှေ့ပိုင်းမြို့နယ်)တွေနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ရေပေးဝေမှုအချိန်နဲ့ လျှပ်စစ်မီးလာချိန် တိုက်ဆိုင်မှသာရေရှိကြပြီး ရေပေဝေချိန်တွင်လျှပ်စစ်မီးမရရှိတာကြောင့် သုံးရေအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
"ရေလာတဲ့အချိန်မှာမီးမရရင် ဘာမှမတတ်နိုင်ဘူးဗျ အစိုးရရေပေးဝေတာဆိုပေမယ့် အိမ်တိုင်းက ရေရဖို့ရေစုပ်စက်အသေးလေးတွေအသုံးပြုနေရတယ် ။ရေက တိုက်ရိုက်ရတာမဟုတ်ဘူးလေ ခုဆိုရင် မီးလာတဲ့အချိန်နဲ့ရေလာတဲ့အချိန် တိုက်ဆိုင်ရင်တောင်ရေရဖို့အလုအယက်မောင်းတာကြောင့် ရေကရတဲ့ နေရာရ မရတဲ့နေရာမရဖြစ်နေတော့ ဝယ်သုံးနေရတယ်"လို့ ဒဂုံမြို့သစ်တောင်ပိုင်းနေသူတစ်ဦးကပြောသည်။
ထို့အပြင်မြို့တွင်းမြို့နယ်များရှိအထပ်မြင့်တိုက်ခန်းတွေအနေနဲ့လည်း သုံးရေရှိဖို့ ခက်ခဲနေပြီး ကိုယ်ပိုင်မီးစက်တွေအသုံးပြုကာ ရေရှိရေး ဆောင်ရွက်နေတာကြောင့် စက်သုံးဆီအတွက် အပိုကုန်ကျစရိတ်တွေရှိလာနေတယ်လို့ သိရပါတယ်။
"အထပ်မြင့်မှာနေတော့ရေကတော့အရေးကြီးလိုအပ်တာပေါ့ချက်ပြုတ်ရေးအတွက်ရေသန်ဗူးဝယ်သုံးလို့ ရပေမယ်အခြားသုံးစရာရေကျတော့ ခက်တယ်လေ ခုတစ်ချို့ နေရာတွေဆိုရင်မီးစက်ရှိတဲ့အိမ်တွေကရေတင်ပြီး ဘေးတိုက်ခန်းတွေကိုဖြန့်ပေးရတယ် ဆီဖိုးတော့ မျှပေးကြတာတော့ မီးလာတဲ့အချိန်ကျတော့လည်းအားလုံးကရေတင်ကြတော့ ရေအားကမကောင်းဘူး "လို့ တာမွေမြိုနယ်နေထိုင်သူဦးသန်းဝင်းကပြောပါတယ်။
ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ဖို့ ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်နှစ်တွင်းမှ ရေအောက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်တွေ သွယ်တန်းရန်ရှိတဲ့အတွက် မဂ္ဂါဝပ် ၁၃၀၀ကျော်လျော့နည်းရရှိမယ့်အခြေအနေ ရှိပြီး အဲဒီရက်ပိုင်းအတွင်း အချို့ နေရာတွေမှာ ၂၄နာရီ ဝန်အားလျှော့ချခြင်းတွေရှိလာမယ်လို့ မတ်လ၆ရက်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးပန်ကြားချက် ထုတ်ပြန်ထားပြီကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကိုလည်း အမြန်ဆုံးပြင်ဆင်၍ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ကို ဓာတ်အားစနစ်သို့ ပြန်လည်ပို့ လွှတ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရပါတယ်။
လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ကိုလည်း စီမံဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား (၆၀) မဂ္ဂါဝပ်ခန့်ကို ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ထပ်တိုးဖြန့်ဖြူးနိုင်ခဲ့ကာ၊ ဇွန်လမှ စတင်၍ အဆိုပါဓာတ်အားပေးစက်ရုံမှ (၁၅၀) မဂ္ဂါဝပ်ထိ ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း နစက လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 10 March 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့ရှိ ကမ္ဘောဇဘဏ်ခွဲ ၂ ခုအား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၁,၀၀၀ ခန့်အား လုယက်ခဲ့သည့် ဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သီပေါမြို့နယ်၊ ပန်းတိမ်မြောက်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်မှ ငွေကျပ် ၁,၉၅၅ သိန်းအား လုယက်ခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။
လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ သီပေါမြို့ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်သူများအသုံးပြုခဲ့သည့် TOYOTA GAIA အမျိုးအစား အဖြူရောင်ယာဉ်အား ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ လုပ်ပါကျေးရွာအနီး လမ်းဘေးတွင်တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။
ဆက်လက်၍ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကွင်းဆက်မပြတ် စုံစမ်းဖော်ထုတ်ခဲ့ရာ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်အား စီးနင်းမောင်းနှင်အသုံးပြုခဲ့ပြီး လုယက်မှုကျူးလွန်ရာတွင် မသင်္ကာတရားခံဖြစ်သော ပုသိမ်ကြီးမြို့နယ်၊ သာစည်ရွာသစ်ကျေးရွာနေ သော်ဇင်အုံး(၃၂)နှစ် (ဘ)ဦးဇော်ဇော်မင်းအား ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပါတယ်။
သော်ဇင်အုံး၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ငွေလင်းထွန်း (၂၈)နှစ် (ဘ) ဦးတင်စိုးနှင့် နှင်းနှင်းဦး (၃၀) နှစ် (ဘ) ဦးမြင့်မောင် ၊ ပြည့်စုံဝင်းဆင် (၂၉)နှစ် (ဘ) ဦးမာဆင်းနှင့် ဇနီးဖြစ်သူ မဆိုင်းပန်နူး (၂၇)နှစ် (ဘ)ဦးခမ်းအောင်၊ မျိုးမင်းဟန် (၂၆)နှစ် (ဘ) ဦးမောင်တင်တို့အား ဖမ်းဆီးရမိခဲ့ပါတယ်။
ပြည့်စုံဝင်းဆင်၊ ငွေလင်းထွန်း၊ မျိုးမြင့်ဟန်(ခ)ပလောင်တို့သည် ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် သီပေါဘဏ်သို့သွားရောက်ခဲ့ပြီး ပြည့်စုံဝင်းဆင်မှ ဘဏ်ရှေ့ရှိဘဏ်လုံခြုံရေးအား ငွေထုတ်ပုံထုတ်နည်းအား အာရုံလွှဲမေးမြန်းနေစဉ် ငွေလင်းထွန်းနှင့် မျိုးမြင့်ဟန်(ခ)ပလောင်တို့က နောက်မှဝင်ရောက်လာကာ ငွေလင်းထွန်းက ဘဏ်လုံခြုံရေးအား သေနတ်ဖြင့်ထောက်၍ ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ဘဏ်ဝန်ထမ်းများနှင့်ငွေထုတ်ရန် ရောက်ရှိနေသူများအား သေနတ်ပြခြိမ်းခြောက်ပြီး အသင့်ယူဆောင်လာသော ခရီးဆောင်အိတ် ၂ လုံးဖြင့် ငွေထားရှိသည့် အခန်းသို့ဝင်ရောက်ကာ ငွေများအားထည့်သွင်း၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သီပေါမြို့မှ နောင်ချိုမြို့သို့ မောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ထပ်မံစစ်ဆေးဖော်ထုတ်ခဲ့ရာ ပြည့်စုံဝင်းဆင်နှင့် ငွေလင်းထွန်းတို့သည် နဂါး(ခ) သန့်ဇင်ထွန်းနှင့်အတူ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်အား လုယက်မှုကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာတွင် ပြည့်စုံဝင်းဆင်မှ ဦးဆောင်စီစဉ်ကြီးကြပ်ပြီး မော်တော်ယာဉ်အား မောင်းနှင်ပို့ဆောင်ပေးကာ ငွေလင်းထွန်းက သေနတ်ကိုင်ဆောင်ကာ နဂါး(ခ) သန့်ဇင်ထွန်းနှင့်အတူ ဘဏ်အတွင်း ဝင်ရောက်လုယက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာမှ ငွေကျပ် ၁,၂၉၈.၈၁၅ သိန်းရရှိခဲ့ပြီး ၎င်းတို့ ၃ ဦးမှ ခွဲဝေရယူခဲ့ကြကြောင်း ထွက်ဆိုခဲ့ပါတယ်။
၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်များအရ ဖမ်းဆီးရန်ကျန် နဂါး(ခ)သန့်ဇင်ထွန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်တွင် နောင်ချိုမြို့၌ ဖမ်းဆီးရမိခဲ့ပါတယ်။
အထက်ပါလုယက်မှုဖြစ်စဉ်(၂)ခုမှ ကျူးလွန်သူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် ၁,၂၂၀ သိန်း၊ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေဆွဲသီး တစ်ခု၊ လက်ကိုင်ဖုန်း ၅ လုံး၊ Tablet ၁ လုံး၊ ရွှေဘောက်ချာ ၆ ရွက်နှင့် ငွေစုဘဏ်စာအုပ် ၂ အုပ်၊ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၂ တောင့်၊ Toyota GAIA အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီးနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် HONDA Fit GE 6 အမျိုးအစား ခဲရောင်မော်တော်ယာဉ် ၁ စီးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကာ ကျန်ရှိသည့် သက်သေခံပစ္စည်းများအား ဆက်လက်စစ်ဆေးဖော်ထုတ်သိမ်းဆည်းခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
#ymg_mnn
#Yangon_Media_Group
Page 1791 of 1859