#DailyNews
Published - 28 Feb 2022
၁။ ထိုင်းနိုင်ငံသို့ အသက်အန္တရာယ်များသည့် ခိုးဝင်ရောက်မှုမပြုလုပ်ရန် JACBA သတိပေး
၂။ အိုမီခရွန်ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ တမူးမြို့တွင် ကိုဗစ်လူနာ ၆ ဦးသာကျန်ရှိ
၃။ မိုးလဝေသ သတင်း
၄။ အစ္စလာမ်အကြမ်းဖက်တွေဖျက်ဆီးခဲ့သည့် အီရတ်ရှေးဟောင်းမြို့မှ ပြုပြင်မွမ်းမံခြင်းလက်ရာများ
ဖော်ထုတ်ပြသ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 28 Feb 2022
ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတသည် ငြိမ်းချမ်းရေးခရီးစဥ်အဖြစ် လာမည့် မတ်လ(၆)ရက်နေ့ညတွင် နယ်သာလန်လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံရှိ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်သို့ ကြွရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ခရီးစဥ်အတွင်း ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့ ကြား နားလည်မူစာချွန်လွှာရေးထိုးနိုင်ရန် မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်မှ တာဝန်ရှိသူများနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာဖြစ်ပြီး IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လတာ ကြာမြင့်မှာဖြစ်ပါတယ်။
IBEC ဆရာတော်၏ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း နယ်သာလန် မြန်မာထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ရပ်တည်နိုင်ရေးထောက်ပံ့လှူဒါန်းကာ Stichting IBEC ကို စနစ်တကျအဖွဲ့အစည်းအဖြစ် ပြန်လည်တိုးချဲ့ဖွဲ့စည်းခြင်း၊ စပိန်နိုင်ငံကပ်ဆီးရပ်မြို့၌တည်ဆောက်မည့် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်သာသနာပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မြို့တော်ဝန်နှင့် စပိန်အစိုးရတာဝန်ရှိသူများ ကပ်ဆီးရပ်ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းတွေကို ပြုလုပ်ခဲ့ကြတာပါ။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ နယ်သာလန်၊ သဟိတ်မြို့၌ ပြုလုပ်ခဲ့တဲ့ အိုင်စီဂျေကြားနာပွဲကိုလည်း IBEC ဆရာတော်အနေနဲ့ အွန်လိုင်းမှ လေ့လာနားထောင်ခဲ့ပြီး ဖေဖော်ဝါရီလ(၂၆) ရက်နေ့တွင် နယ်သာလန်၊ သဟိတ်မြို့ ၊ အိုင်စီဂျေရုံးတော်သို့ သွားရောက်ကာ မှတ်တမ်းရယူခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း ဂျာမဏီနိုင်ငံ၊မြူးနစ်မြို့သို့ ကြွချီမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် ဩစတြီးလျားနိုင်ငံဗီယင်နာမြို့အနီး ဟားစတပ်မြို့သို့ကြွရောက်ကာ မတ်လ(၁)ရက်နေ့တွင် Linz မြို့သို့ ဆက်လက်ကြွရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်၍ မတ်လ(၂)ရက် ညတွင် အမ်စတာဒမ်သို့ ပြန်ရောက်မည်ဖြစ်ပြီး မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ နယ်သာလန်၌ သီတင်းသုံးမည်ဖြစ်ကာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်သို့ သွားရာက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့။
ymg/kg
#Yangon_Media_Group
#Local_Health
Published_ 28 Feb 2022
မြန်မာနိုင်ငံတွင် အသက် ၁၂ နှစ်အောက် ကလေးများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် တရားဝင်ခွင့်ပြုထားသည့်ဆေး မရှိသေးကြောင်းသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အသက် ၂ နှစ်မှ ၁၈ နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာမှုကိုလည်း FDA မှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၄,၅၀၆,၇၅၅ ကြိမ် ထိုးနှံပြီးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကာကွယ်ဆေးများဝယ်ယူရန် အမေရိကန်ဒေါ်လာ ၂၇၆.၆၄ သန်း သုံးစွဲခဲ့ကာ၊ ကာကွယ်ဆေးစုစုပေါင်း ၆၂ သန်း Doses ရရှိပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံပိတ်ပွဲမှာ ပြောကြားထားပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၈၆,၁၉၈ ဦးရှိကာ သေဆုံးသူ ၁၉,၃၆၅ ဦး ရှိနေပါတယ်။ ကူးစက်ခံရသူ ၅၃၃,၃၉၅ ဦး ကတော့ ဆေးရုံဆင်းခွင့်ရရှိပြီး ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#TV_Yangon_Times_Mattersအစီအစဉ်
Published - 27 Feb 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ ဆရာပန်းချီတင်ထွဏ်းက သူ့ရဲ့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ လိုဂိုဒီဇိုင်းတွေနဲ့ပတ်သက်ပြီး အဲဒါတွေကိုဖန်တီးခဲ့ပုံနှင့် လိုဂိုဒီဇိုင်းပညာရပ်နှင့်ပတ်သက်ပြီး ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကို ဗဟုသုတဖြစ်ဖွယ်ရာဆွေးနွေးထားတာဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published -27 Feb 2022
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ယနေ့ နံနက်ပိုင်းက မုံရွာ -ဘုတလင် ကားလမ်းမပေါ်တွင် ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တိုက်မိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာ -ဘုတလင်လမ်း ဘုတလင်မြို့အဝင် Denko ဆီဆိုင်အနီးတွင် ခရီးသည်တင်ယာဉ် တစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မှု ဖြစ်ပွားကာ ဒဏ်ရာရ လူနာများရှိကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားမှုအရ လူမှုကူညီရေးအသင်း မုံရွာမှ ကယ်ဆယ်ရေးယာဉ် (၂)စီး လူနာတင်ယာဉ် (၃)စီး စုစုပေါင်း (၅)စီး ထွက်ခွာကာသွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသား (၂)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကိုဘုတလင်မီးသတ်တပ်ဖွဲ့နဲ့အတူ အနီးကျေးရွာမှ လူမှူကူညီရေးအသင်းများနှင့် ပူးပေါင်းကာဘုတလင်ဆေးရုံသို့ ပို့ဆောင်ပြီး သေဆုံးသူအမျိုးသားအလောင်းတစ်လောင်းအား မုံရွာ နေအိမ်သို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
မုံရွာမြို့နယ်ရုံး
ymg/hm
#Yangon_Media_Group
Page 1693 of 1739