#LocalNews
Published - 22 March 2022
အိန္ဒိယ-မြန်မာနယ်စပ်တွင် လုံခြုံရေးတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အချို့တို့ကြား ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သို့သော်လည်း လက်ရှိ တမူးမြို့ပေါ်၏ လုံခြုံရေးအခြေအနေကတော့ ကောင်းမွန်နေဆဲဖြစ်တယ်လို့ အဆိုပါမြို့နေဒေသခံတွေက ပြောပါတယ်။
အဆိုပါ တိုက်ပွဲတွေဟာ ပြီးခဲ့သောရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
"မြို့ပေါ်မှာက အေးချမ်းပါတယ်။ ဖြစ်တာက နယ်စပ်ပေါ့လေ၊ မြို့ရှောင်လမ်းပေါ်မှာဖြစ်တာပါ။ပြောရရင် အိန္ဒိယနဲ့ကိုယ်တို့က ခြံစည်းရိုးပဲခြားတာကိုး တမူးကနေ ဟိုဘက်ကိုသွားရင် အိန္ဒိယကိုရောက်ပြီ အဲ့ကြားထဲမှာ တိုက်ပွဲဖြစ်တာပေါ့၊ ရင်ဆိုင်တိုက်ပွဲတော့ မဟုတ်ပါဘူး။ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အချို့က မိုင်းလာထောင်ကြတယ်။ လုံခြုံရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်။တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အဝေးကနေပစ်ကြတယ်လို့ သိရတယ်။ အဲ့လောက်ပါပဲ၊ နယ်စပ်မှာပဲဖြစ်ခဲ့တာပါ။မြို့ပေါ်မှာတော့ ဘာမှမဖြစ်ခဲ့ပါဘူး။"လို့ တမူးမြို့ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
အဆိုပါ တမူးဒေသတွင် လက်ရှိကာလမှာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းမျိုးမရှိဘူးလို့လည်း ၄င်းကပြောပါတယ်။
ယင်းနှစ်ဖက်အဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေသာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်အခြေအနေက ပုံမှန်အနေအထားမှာရှိတယ်လို့ သိရပါတယ်။
"အခုက သွားသွားလာလာပုံမှန်ပါပဲ။လမ်းပန်းဆက်သွယ်ရေးတွေလည်း ပုံမှန်ပါပဲ ကောင်းပါတယ်။ တမူးနဲ့ ကလေးကြားလည်း သွား ရေးလာရေးက ကောင်းပါတယ်။ သူတို့တိုက်ပွဲဖြစ်တဲ့ အချိန်တော့ ခဏလေး ရှောင်ရတာပေါ့။ ပြီးရင်ပြန်သွားရတယ် ၊ သိပ်ကြီးကြီး မားမားဖြစ်ခဲ့တာတော့မရှိပါဘူး။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_22 March 2022
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဇိုင်ချောင်းကျေးရွာမှာတွေ့ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိတယ်လို့ယူဆရတဲ့ ရှေးဟောင်းစတူပါ တစ်ဆူကို သက်ဆိုင်ရာက သွားရောက်စစ်ဆေးဖို့ရှိတယ်လို့ ရှေးဟောင်းသုတေသနဌာနက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 March 2022
မုန်တိုင်းအရှိန်ကြောင့် ကိုကိုးကျွန်းမှာ မိုးများခဲ့ပြီး နှစ်ပေါင်း ၆၂ အတွင်း မိုးရေချိန် စံချိန်သစ်ဖြစ်လာပါတတယ်။
ယခင်က ၆၃ မီလီမီတာပဲ ရရှိရာကနေ ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာတော့ ၇၉ မီလီမီတာအထိ မိုးရေချိန်များခဲ့တာဖြစ်ပါတယ်။
ဒ့ါအပြင် ဧရာဝတီတိုင်းဒေသကြီးက လပွတ္တာမြို့ရဲ့ မိုးရေချိန်ဟာလည်း လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ယခင်က မိုးရေချိန် ၁၀ မီလီမီတာကို ဒီကနေ့မှာ ၁၅ မီလီမီတာနဲ့ စံချိန်းချိုးခဲ့ပြီး စံချိန်အသစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ မိုး/ ဇလက ကြေညာထားပါတယ်။
အခုလက်ရှိမှာ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လာပြီး အညိုရောင်အဆင့်သတ်မှတ်ထားပါတယ်။
မုန်တိုင်းဖြတ်ကျော်စဉ်မှာ မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့မှာ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၈ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အခုဆိုရင် ဧရာဝတိတိုင်းအတွင်းက မုန်တိုင်းအန္တရာယ်ရှိတဲ့ဒေသက ကျေးရွာပြည်သူတွေအနေနဲ့ မုန်တိုင်းရှောင်ရွေ့ပြောင်းနေထိုင်ကြဖို့နဲ့ ပင်လယ်ငါးဖမ်းယာဉ်တွေနဲ့ လေကြောင်းလိုင်းခရီးစဉ်တွေကို သတိထားကြဖို့ မိုး/ ဇလက ထုတ်ပြန်ကြေညာထားပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 22 March 2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီကနေ့ မတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လှိုင်းဘုန်းကျေးရွာအုပ်စုရှိ စေတီတော် ထီးတော်မြေခခြင်းနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါမြို့နေ ဒေသခံများထံမှ သိရပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ မုန်တိုင်းခိုလှုံသူ စုစုပေါင်းလူဦးရေ(၂,၀၀၀)ခန့်ကိုလည်း ကူညီစောင့်ရှောက်ပေးထားရတယ်လို့ ဆိုပါတယ်။
"မုန်းတိုင်းခိုလှုံသူများကို လှိုင်းဘုန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးပရဟိတအဖွဲ့များမှ ထမင်းဟင်းများ၊ သောက်သုံးရေနှင့်ဆေးဝါးများ ကူညီဆောင်ရွက်ကြရန် အုပ်စုအဖွဲ့များခွဲ၍ တာဝန်အသီးသီးခန့်အပ်ကာ ကူညီဆောင့်ရှောက်ပေးလျက်ရှိပါတယ်။
လှိုင်းဘုန်းကျေးရွာအတွင်းရှိ စေတနာရှင်များမှ ထမင်းဟင်းများ ချက်ပြုတ်လှူဒါန်းခြင်းများပေးကြပါတယ်။"လို့ လှိုင်းဘုန်းကျေးရွာအုပ်စု ဒေသခံတစ်ဦးက ပြောပါတယ်။
ယနေ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စုရှိ သစ်နီဇွဲကျေးရွာ၊ဓမ္မသုခကျောင်းတိုက်ဝန်းအတွင်းတည်ထားသော အောင်တော်မူစေတီတော်သည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထီးတော်မြေခခဲ့ပြီး ငွေဇင်ယော်ကျေးရွာတွင်
လူနေအိမ်(၂)လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း အဆိုပါဒေသခံများထံမှ သိရပါတယ်။
Photo - Tun Tun Naing(Mawgyun) - FB
ymg/kg
#Yangon_Media_Group
#LocalNews
Published_22 March 2022
ပြီးခဲ့တဲ့၂၀၂၀ ပြည့်နှစ် နဲ့ ၂၀၂၁ ခုနှစ်တွေမှာ သင်္ကြန်ရေသဘင်ပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့ပေမယ့် အခု ၂၀၂၂ ခုနှစ် မှာတော့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို စည်စည်ကားကားကျင်းပနိုင်ဖို့လုပ်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 22 Mar 2022
၁။ ငါးဖမ်းရာမှတွေ့ရှိသော နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိနိုင်မည့် ရှေးဟောင်းစတူပါအား သက်ဆိုင်ရာက သွားရောက်စစ်ဆေးမည်
၂။ ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော်အတွက်သာ စီစဉ်နေပြီး ပုဂ္ဂလိကမဏ္ဍပ်များကိစ္စ စည်ပင်ညွှန်ကြားချက်မရှိသေး
၃။ မိုးလေဝသ သတင်း
၄။ အီရတ်တွင် အစ္စလာမ်အကြမ်းဖက်အဖွဲ့ဝင်များ၏အလောင်းများ အစုလိုက်အပြုံလိုက်မြှုပ်နှံထားရာနေရာ တူးဖော်တွေ့ရှိ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 March 2022
မုန်တိုင်းလာရာလမ်းမှာရှိနေတဲ့ ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေများအား မတ်လ ၂၁ ရက် နေ့မှစတင်ပြီး ခေတ္တယာယီပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ကမ်းခြေဒေသမှာရှိနေတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့လည်း ယမန်နေ့မှစတင်လို့ မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်တယ်လို့ ချောင်းသာဒေသခံများက ပြောပါတယ်။
"ဒီကနေ့ မနက်အထိတော့ မုန်တိုင်းနဲ့ ပတ်သက်ပြီး ဘာမှထူးခြားတာမရှိသေးပါဘူး။ ရာသီဥတုအခြေအနေကတော့ မိုးတွေအုံ့နေတယ်။ ကမ်းခြေလည်း ပိတ်ထားလိုက်ပြီ။ ဧည့်သည်တွေ အဝင်မခံတော့ဘူး၊ ကမ်းခြေမှာရှိနေတဲ့ ဧည့်သည်တွေကလည်း ပြန်သွားကြတာရှိပါတယ်။ ကမ်းခြေပိတ်တယ်ဆိုတာကလည်း အခုမုန်တိုင်းကာလရက်လေးပါပဲ။"လို့ ချောင်းသာဒေသခံတစ်ဦးက YMG ကိုပြောပြခဲ့ပါတယ်။
မုန်တိုင်းကြောင့် ကမ်းခြေတွေကို ခေတ္တပိတ်လိုက်တာဖြစ်သလို လက်ရှိရောက်နေတဲ့ ဧည့်သည်တွေကို ဟိုတယ်တွေကပါ ပြန်လွှတ်နေတာဖြစ်ပါတယ်။
" အခုမုန်တိုင်းရက်တွေမှာတော့ ဒေသခံတွေက နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စုပြီးနေကြတာတွေရှိတယ်။ လက်ရှိအနေအထားက ချောင်းသာမှာ ရေတွေဘာတွေတော့ မတက်သေးဘူး။ ပုံမှန်အနေအထားပါပဲ၊ မုန်တိုင်း အခြေအနေကိုတော့ ဆက်ပြီး စောင့်ကြည့်နေတာပေါ့။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ဧရာဝတီတိုင်းဟာ အပန်းဖြေကမ်းခြေများတည်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနဲ့ ဂေါ်ရင်ဂျီကမ်းခြေဆိုပြီး နာမည်ကျော်ကမ်းခြေ (၃)ခုတည်ရှိတာပါ။
"ဒီရက်အတွင်းမှာ လာမယ့်ဧည့်သည်တွေကတော့ ရှေ့လကိုရွှေ့သွားကြတာပေါ့။ ရှေ့လက ဧပြီလလည်းဖြစ်တယ်၊ သင်္ကြန်ပိတ်ရက် တွေလည်းရှိတော့ ချောင်းသာကမ်းခြေကိုလာဖို့အတွက် ဧည့်သည်တော်တော်များများက ကြိုတင်ဘိုကင်တင်ထားတာတွေတော့ရှိပါတယ်။" လို့ ၎င်းက ထပ်လောင်းပြောပြခဲ့ပါတယ်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးမှ ဖြတ်ကျော်မည့်အခြေအနေကြောင့် အနီရောင်အဆင့်သတ်မှတ်လိုက်တယ်လို့လည်း မိုး/ဇလ ဦးစီးဌာနက ဒီကနေ့ မတ်လ ၂၂ ရက်၊ နံနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
Page 1646 of 1739