#Local_News
Published_ 30 September 2022
ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးပြည်သူများအနေဖြင့်ဆီမီးထွန်းလှူပူဇော်နိုင်ရန် ဆီမီးထွန်းလှူပူဇော်နိုင်မည့်နေရာများစီစဉ်ဆောင်ရွက်ပေးထားကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းထံမှ သိရသည်၊၊
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့အနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကျင်းပ ပြုလုပ်မည်ဖြစ်ပြီး သီးခြားဆီမီးထွန်းလှူပူဇော်မည့် အစီအစဥများ မရှိသော်လည်း အများပြည်သူအနေဖြင့် လာရောက်ထွန်းလှူပူဇော်နိုင်ကြောင်း သိရသည်၊၊
အောက်တိုဘာလ(၈)ရက် အဖိတ်နေ့ညနှင့် အောက်တိုဘာလ(၉)ရက်သီတင်းကျွတ်လပြည့်နေ့ညများတွင် အများပြည်သူများအနေဖြင့်ရွှေတိဂုံစေတီတော်ကြီးရှိ ဆီမီးခုံများနှင့်ဘေးတန်ဆောင်း၌ ဆီမီးထွန်းလှူပူဇော်နိုင်မည်ဖြစ်သည်ဟု ဆိုသည်၊၊
"သီတင်းကျွတ်မှာတော့ ကျွန်တော်တို့ဂေါပကအဖွဲ့ အနေနဲ့ အဖိတ်နေ့မှာ ညနေ(၅)နာရီမှာ ရုပ်ပွားတော်တွေနဲ့ မီးစေတီတော်တွေပြုလုပ်ပြီး လှည့်လည်ဖို့ရှိပါတယ်၊၊ လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာမနက်(၅)နာရီခွဲမှာ အသင်းအဖွဲတွေနဲ့ ရွှေတိဂုံစေတီ တော်ကြီးကိုမနက်အာရုဏ်ဆွမ်းတော်ကြီးကပ်လှူသွားဖို့ရှိပါတယ်၊၊ မနက်(၉)နာရီခွဲမှာ ဝါတွင်းသီလခံယူပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲအခမ်းအနားပြုလုပ်သွားမှာဖြစ်ပါတယ်၊၊ ရွှေတိဂုံသြဝါဒစရိယဆရာတော်တွေ ကိုယ်တိုင်ကြွရောက်ကြမှာ ဖြစ်ပါတယ်၊၊ အဲဒီ့နောက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှာဖြစ်ပါတယ်၊၊ အများပြည်သူအနေနဲ့ ဘုရားဖွင့်ချိန်မနက်(၅)နာရီကနေည(၈)နာရီအတွင်း လာရောက်ဖူးမြော်နိုင်ပါတယ်၊၊အများပြည်သူတွေ အနေနဲ့ ရွှေတိဂုံစေတီတော်ကြီးဘေးပတ်ပတ်လည်က ဆီမီးခုံတွေနဲ့ဘေးတန်ဆောင်းမှာထွန်းလှူနိုင်မှာ ဖြစ်ပါတယ်၊၊ ဆီမီးထွန်းလှူပူဇော်နိုင်အောင်စီစဉ်ပေးထားပါတယ်၊၊ ဘုရားကြီးအစီအစဉ်နဲ့ ဆီမီးထွန်းလှူမယ့်အစီအစဉ်တော့မရှိပါဘူး၊၊ ဘုရားဖူးကုသိုလ်ပြုလိုသူတွေအနေနဲ့ သူ့ဘာသာသူတော့ လာထွန်းကြတာရှိပါတယ် "ဟုပြော သည်၊၊
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနားကို ကိုဗစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်းရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_30 September 2022
ပြည်ပသို့ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၁.၅၀၄ ဘီလီယံကျော် ပိုမိုတင်ပို့ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ တင်ပို့ခဲ့တဲ့ တန်ဖိုးထက် နိုင်ငံပိုင်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော်၊ ပုဂ္ဂလိကပိုင် တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၅၀၄ ဘီလီယံကျော် ပိုမိုတင်ပို့ထားနိုင်ခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၅ လခွဲအတွင်း စက်မှုကုန်ချောပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၃၁ ဘီလီယံကျော် ပို့ကုန်ဝင်ငွေ ရရှိထားကြောင်း သိရသည်။ ယင်းအပြင် ကုန်သွယ်မှုစာရင်းတွင် ဖော်ပြထားသည့်စာရင်းများအရ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ၅ လခွဲအတွင်း နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉၅ ဘီလီယံကျော် ရရှိထားပြီး ပုဂ္ဂလိကပိုင် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၆ ဘီလီယံကျော် ရရှိထားခြင်းဖြစ်ကြောင်းသိရသည်။
စက်မှုကုန်ချောပစ္စည်းအုပ်စုထဲတွင် ချုပ်ပြီးအထည်၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့၊ သကြားနဲ့ အခြားစက်မှုကုန်ချောပစ္စည်းများ ပါဝင်ပြီး မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များအနက် ချုပ်ပြီးအထည် ပြည်ပတင်ပို့မှုသည် ပထမနေရာတွင် ရှိနေကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_30 September 2022
ဗဟိုဘဏ်ပြင်ပ ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် ကျပ် ၃၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာပြီး တစ်ဒေါ်လာ ကျပ် ၂၈၀၀ ကျပ်သာရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ယနေ့ စက်တင်ဘာ ၃၀ ရက် နေ့လည်ပိုင်းပေါက်ဈေးအဖြစ် တစ်ဒေါ်လာကို ကျပ် ၂၈၀၀ ဝန်းကျင်ဖြင့် သတ်မှတ်ဈေး ဖြစ်ပေါ်နေပြီး ဒေါ်လာအရောင်းမရှိပဲ အဝယ်သာရှိကြောင်း ငွေလဲကောင်တာအချို့မှ သိရသည်။
ယင်းအပြင် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းခန့်အောက်သို့ ရောက်ရှိနေပြီး ကမ္ဘာ့ရွှေဈေးအပြင် ဒေါ်လာဈေးပါ ကျဆင်းလာသည့်အတွက် ပြည်တွင်းဈေးလည်း လိုက်ကျခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ငွေလဲနှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းတို့မှာ ဆက်တိုက်ကျဆင်းလာသော်လည်း အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးကျဆင်းခြင်းမရှိသေးပဲ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။
“အခုဆိုရင် တခြားဟာတွေကဈေးကျနေပြီ။ အခြေခံစားသောက်ကုန်တွေက ဈေးမကျလာသေးဘူး။ ဈေးကမြင့်နေတုန်းပဲ။အထိုက်အလျောက်တော့ ပြန်ကျသင့်တယ်။ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေက ကျတယ်ဆိုရင်တောင် အရမ်းကြီးကျမသွားဘူး။ နည်းနည်းပဲကျသွားတာ။ ဘာပဲပြောပြော ကုန်ဈေးနှုန်းကိုလည်းကျစေချင်တယ်”ဟု တောင်ဥက္ကလာတွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 30 september 2022
ဂျပန်နိုင်ငံမှ မြန်မာအလုပ်သမား ၅၀၀ ကျော်ကို ထပ်မံခေါ်ယူရန် ကမ်းလှမ်းထားလျှက်ရှိကြောင်း တိုကျိုမြို့ရှိ သံရုံးက ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံတွင်ရှိသည့် အလုပ်အကိုင်ကြီးကြပ်ရေးကုမ္ပဏီနှင့် စက်ရုံ၊အလုပ်ရုံများက မြန်မာအလုပ်သမားများခေါ်ယူရန် ကမ်းလှမ်းစာ ၁၇၀ ကျော် ပေးပို့ထားရှိကြောင်း ဆိုထားသည်။
အဆိုပါ ကမ်းလှမ်းစာတွေအရ ခေါ်ယူမည့်အလုပ်သမားဦးရေဟာ အယောက် ၅၄၀ ကျော်ဖြစ်ပြီး အလုပ်ကဏ္ဍမျိုးစုံပါဝင်ကြောင်းလည်း သိရသည်။
ဂျပန်နိုင်ငံဟာ ယခုနှစ်ဆန်းကစ၍ မြန်မာအလုပ်သမားတွေကို ဆက်တိုက်ခေါ်ယူနေခြင်း ဖြစ်သည်။
ယခုလိုခေါ်ယူသည့် အထဲမှာ နည်းပညာအလုပ်သင်လုပ်သားတွေအပြင် ကျွမ်းကျင်လုပ်သားတွေလည်းပါဝင်ကြောင်း သိရသည်။
လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၄၀,၀၀၀ ခန့် ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေလျှက်ရှိကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_30 September 2022
ပြည်သူများစီးနင်းလိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီး ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း နစက ကထုတ်ပြန်လိုက်သည်။
ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ်ပြေးဆွဲသည့် ခရီးစဉ်အမှတ် UB - 149 ၊ မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) ၏ လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်က ဆင်းသက်ရန်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ဆင်းသက်ခြင်း လုပ်ငန်းစဉ်များအတိုင်း ပြုလုပ်ပြီး အမြင့်ပေ ၃၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာလေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်ကို ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_30 September 2022
ရန်ကုန်မှ လွိုင်ကော်သို့ပျံသန်းသည့်လေယာဉ် တစ်စင်း ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်အချိန်က အပစ်ခတ်ခံရပြီး ခရီးသည်အချို့ ဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါလေယာဉ်မှာ လေယာဉ်ကွင်းသို့ အဆင်းတွင် လက်နက်ငယ်ဖြင့်အပစ်ခံရခြင်းကြောင့် လေယာဉ်ကြမ်းခင်းပေါက်၍ ခရီးသည်တစ်ဦးထက်မနည်း ထိမှန်သွားကြောင်း ကနဦးသတင်းရရှိသည်။
လွိုင်ကော်သို့ ရန်ကုန်မှ မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့် Air KBZ လေကြောင်းလိုင်း နှစ်ခုပျံသန်းနေကြခြင်းဖြစ်သော်လည်း မည်သည့်လေယာဉ် အပစ်ခံရသည်ကိုမူ မသိရသေးပေ။
#ymg/mt
#Yangon_Media_Group
#Local-News
Published_30 September 2022
လျှပ်စစ်ကားများကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းရန်လုပ်ဆောင်နေကြောင်း စက်မှုဝန်ကြီးဌာနက မီဒီယာများအား ပြောသည်။
လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြုပြေးဆွဲရန်အတွက် လိုအပ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များချမှတ်နိုင်ရေး ညွှန်ကြားခြင်း၊ လမ်းညွှန်ခြင်းနှင့် အတည်ပြု ထုတ်ပြန်နိုင်ရေးတို့အတွက် “အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ”ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဖွဲစည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကော်မတအနေဖြင့် လုပ်ငန်းအထောက်အကူပြုနိုင်ရေးအတွက် “လုပ်ငန်းကော်မတီ” (၅)ခုကို ဖွဲ့စည်းထားရှိကြောင်း၊ လုပ်ငန်းကော်မတီ(၅)ခုအနက် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီ”ဥက္ကဋ္ဌအဖြစ် လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနက Focal ဝန်ကြီး ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
"လက်ရှိမှာ ကော်မတီအနေနဲ့ သတ်မှတ် စံချိန်စံညွှန်းများနဲ့အညီ တင်သွင်းဖိုအတွက် လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများကို ဦးစားပေး မြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ (Promoted Sector)မှာ ထည့်သွင်းသတ်မှတ်နိုင်ရန်အမိန့်ကြော်ငြာစာထုတ်ပြန်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုတင်ပြဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဦးဆောင်ကော်မတီမှ ရွေးချယ်သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့် ထုတ်ပြန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူက မီဒီယာများအား ပြောသည်။
ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော အကောက်ခွန်နှင့်ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူများအား ခံစားခွင့်ပြုခြင်း၊ ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူကုမ္ပဏီ၊ (ပုဂ္ဂလိက၊ အစိုးရပုဂ္ဂလိက ဖက်စပ်) နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1491 of 1989