#Local_News
Published_5 October 2022
အောက်တိုဘာ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal ၌ ဓာတ်ဆီ 92 Ron (၂.၀၉) ဂါလံသန်းနှင့် ဓာတ်ဆီ 95 Ron (ဝ.၁၇) ဂါလံသန်း ဆီချလုပ်ငန်းဆောင်ရွက်နေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ယင်းအပြင် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ၂၉ ရက်နေ့တွင် MOPS ဈေးမြင့်တက်မှုကြောင့် အနည်းငယ် မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဈေးနှုန်းများအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း MT Yu Yi သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီ HSD (၁ ဒသမ ၈၆) ဂါလံသန်းနဲ့ ပရီမီယံဒီဇယ်ဆီ PHSD (၂ ဒသမ ၁၇) ဂါလံသန်း စုစုပေါင်းဒီဇယ်ဆီ (၄ ဒသမ ၀၃) ဂါလံသန်းနှင့် MT Harmony One သင်္ဘောမှ ဓာတ်ဆီ 92 Ron (၂ ဒသမ ၁၃) ဂါလံသန်းကို သီလဝါဆိပ်ကမ်းတွင် ဆီချလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
စက်တင်ဘာလအတွင်း ဓာတ်ဆီ ၈၀,၄၉၉ တန်နှင့် ဒီဇယ်ဆီ ၁၅၃,၀၉၅.၆၀ တန် စုစုပေါင်း စက်သုံးဆီတန်ချိန် ၂၃၃,၅၉၄.၆၀ တန် တင်သွင်းခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာလည်း ဓာတ်ဆီ 92 တစ်လီတာကို ကျပ် ၁၉၀၀ အောက်ထပ်မံကျဆင်းလာပြီး ဒီဇယ်မျိုးစုံဈေးနှုန်းမှာလည်း ကျဆင်းလာကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _5 October 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မြိတ်တံတား(ခ)မြိတ်ဂျက်တီ၌ ဆိုက်ကပ်ထားသော ဇက်ယာဉ်ပေါ်တွင် ဆိုင်ကယ်တက်မောင်းရာမှ အရှိန်လွန်၍ အမျိုးသားတစ်ဦး သံလွင်မြစ်ထဲသို့ ပြုတ်ကျသွားသောကြောင့် ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေကြကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်က အဆိုပါ အခင်းဖြစ်ပွားခဲ့၍ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ ယခုအခါ ဆိုင်ကယ်ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ရေထဲကျသွားသူအား ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _5 October 2022
လဝက ဝန်ကြီးဟောင်းဦးခင်ရီအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ သစ်အဖြစ် ယနေ့အောက်တိုဘာလ ၅ ရက်တွင် ကျင်းပနေဆဲဖြစ်သော တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)မှ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်သည့် စာရင်းများဟုဆိုကာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ရွေးချယ်ထားသည့် အမည်စာရင်းများ ပေါက်ကြားထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
"ညီလာခံက မနေ့ကပဲ စတာပါ၊ မနက်ဖြန်မှ ပြီးပါမယ်။ ဒီနေ့ဒုတိယနေ့မှာ ပါတီဥက္ကဋ္ဌ အဖြစ်ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌကတော့ ဦးမြတ်ဟိန်း နဲ့ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်တို့ ဖြစ်တယ်လို့ ကြေညာတယ်။ တခြား ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နာမည်စာရင်းကိုလည်း ကြေညာခဲ့ပါတယ်၊ မနက်ဖြန် ညီလာခံ တတိယနေ့မှာ ပါတီအထွေထွေအတွင်းရေးမှူးနဲ့ ပါတီဗဟိုအတွင်းရေးမှူးတွေကို ဆက်ပြီးတော့ ရွေးဖို့လည်း ရှိပါတယ်"ဟု USDP ပါတီ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောသည်။
လက်ရှိကျင်းပနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)ကို အောက်တိုဘာလ ၄ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သုံးရက်ကြာမြင့်သည့် ညီလာခံ ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 5 October 2022
နဂိုနာတာရှည်ရောဂါအခံများ ပိုဆိုးရွားမည်စိုးရိမ်၍ ကိုဗစ် ကာကွယ်ဆေး မထိုးထားကြသူများ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးမှုများနေသဖြင့် ကိုဗစ်ကာကွယ် ဆေးမပျက်မကွက်ထိုးနှံကြဖို့ တိုက်တွန်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါအခံရှိသူများ၏ မိသားစုဝင်များထံမှ သိရှိချက်အရ အဆိုပါ သေဆုံးရသူများအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံမှုကို ခံယူမှုမရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် မိမိတွင်ရှိနေသည့် နာတာရှည်ရောဂါအခံသည် ပိုမိုဆိုးရွားလာမည်ဟူသည့် လွဲမှားသော အယူ အဆကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို လာရောက်မခံယူခြင်း၊ အသက်အရွယ်ကြီးရင့်မှုနှင့် နာတာရှည်ရောဂါအခံကြောင့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ရန် အခက်ခဲရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်ဟု ဖော်ပြပါရှိသည်၊၊
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေ ပိုမိုများ ပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက် မကွက်ခံယူကြပါရန်နှင့် ၎င်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါနာတာရှည်ရောဂါ အခံတစ်ခုခု ရှိသူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် ထိုးနှံမှုခံယူရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံမှုခံယူနိုင်ရေးအတွက် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များ၊ ကျန်းမာရေးဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက်ဆက်သွယ်ဆောင်ရွက်ကြပါရန်တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြ ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _5 October 2022
မွန်ပြည်နယ်၊ သထုံမြို့၊ အ.ထ.က(၂)ကျောင်းဝင်းအတွင်း ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် မြေကျင်းတူးရာမှ အုတ်ခွက်ဘုရားများကို အောက်တိုဘာလ ၁ ရက်တွင် တွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မော်လမြိုင်ဌာနခွဲက သိရသည်။
သထုံမြို့၊ အ.ထ.က(၂)ကျောင်းဝင်းအတွင်းရှိ (၁၉၈၃)ခုနှစ်တွင် တည်ဆောက်ခဲ့သော ကျောင်းဆောင်ကိုဖျက်ပြီး RC နှစ်ထပ်ကျောင်းဆောင် အဖြစ် ပြန်လည်တည်ဆောက်ရန် Foundation ကျင်းများတူး ရာမှ အနက် (၇) ခန့်၌ အုတ်ခွက်ဘုရား (၂၈၀)ဆူ ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က ထုတ်ပြန်ထားသည်။
လွန်ခဲ့သည့် ၁၉၇၀ ပြည့်နှစ်ခန့် ကာလကလည်း အဆိုပါ အ.ထ.က(၂)ကျောင်း၏ တစ်ဘက်ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အုတ်ခွက် (၂၀၀၀) ကျော်ခန့် တွေ့ရှိခဲ့ဖူးကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အုတ်ခွက်ဘုရားများကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက စစ်ဆေးရာ ရှေးဟောင်းအုတ်ခွက်ဘုရားများ ဖြစ်ပြီး အချို့ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ပုဂံဒေသတွင် တွေ့ရှိရသော အုတ်ခွက်ဘုရားများတွင် သရုပ်ဖော်ထားသော ဇာတ်ကွက်များနှင့်မတူသည့် အုတ်ခွက်ပုံစံအသစ်များ ပါဝင်နေကြောင်း၊ ၎င်းတို့မှာ ပုဂံထက် အနည်းငယ်စောသော သထုံမြို့ဟောင်း၊ မွန်တို့၏ကိုးကွယ်ယုံကြည်မှုကို ဖော်ပြနေသဖြင့် သမိုင်းကြောင်းအတွက် အထောက်အကူပြုနိုင်သော ရှေးဟောင်းအုတ်ခွက်ဘုရားများဖြစ်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ လွှဲပြောင်းပေးပါက မွန်ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် အများပြည်သူ ကြည့်ရှုလေ့လာသုတေသနပြုနိုင်ရန် မော်လမြိုင်မြို့ရှိ ယဉ်ကျေးမှုပြတိုက်၌ ခင်းကျင်းပြသထားရှိမည်ဖြစ်ပါကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_5 October 2022
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုတွင် ယခင်နှစ်ထက် ကန်ဒေါ်လာ တစ်သန်းကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်၏ ငါးလကျော်အတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့ရာတွင် ကန်ဒေါ်လာ ၃၂၆ ဒသမ ၀၈ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ၌ ကန်ဒေါ်လာ ၃၂၇ ဒသမ ၂၂ သန်း တင်ပို့နိုင်ခဲ့ခြင်းကြောင်း သိရသည်။
မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများက တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး၊ မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့်ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများက တစ်ဆင့်လည်း ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် မွေးမြူရေးလုပ်ငန်းများနှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများမှရရှိသော ရေထွက် ကုန်များကို ကုန်ကြမ်းများအဖြစ် တိုက်ရိုက်တင်ပို့နေ၍ အအေးခန်း စက်ရုံများတွင် စနစ်တကျ ပြုပြင်ထုပ်ပိုးပြီးမှ တင်ပို့မှုများလည်းရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Military
Published 5 October 2022
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဂျပန်နိုင်ငံအပေါ်ကနေ ဖြတ်သန်းပြီး စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တို့က တုံ့ပြန်တဲ့အနေနှင့် ဒုံးကျည်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အဝေးဆုံးဒုံးကျည်ပစ်ခတ်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။
အင်္ဂါနေ့တုန်းက နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံက တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်(IRBM)ကို ယခင်ကထက် ပိုမိုဝေးကွာအောင် စမ်းသပ်ပစ်ခတ်ခဲ့ကာ ဂျပန်နိုင်ငံအပေါ်ကနေ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖြတ်သန်းသွားခဲ့တဲ့အတွက် ပြည်သူများ အကာအကွယ်ယူနေထိုင်ဖို့ သတိပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တပ်များက ပင်လယ်ထဲသို့ ဒုံးကျည်များအတွဲလိုက် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပြီး အစောပိုင်းကလည်း တိုက်လေယာဉ်များဖြင့် ပင်လယ်ဝါထဲသို့ ဗုံးကျဲလေ့ကျင့်ရေးများ ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ Hyunmoo-2 ဒုံးကျည်ဟာ ပစ်လွှတ်ပြီးမကြာခင်မှာပဲ ပျက်ကျသွားပေမယ့် ထိခိုက်သူမရှိခဲ့ဘူးလို့ စစ်တပ်က အတည်ပြုလိုက်ပါတယ်။
ထိုဒုံးကျည်မှာ ထိပ်ဖူးတပ်ထားပေမယ့် မပေါက်ကွဲခဲ့ဘဲ ပြည်သူတွေအထိတ်တလန့် ဖြစ်ရခြင်းအပေါ် တောင်းပန်ခဲ့ကြောင်း စစ်တပ်က ပြောကြားလိုက်ပါတယ်။
အမေရိကန်စစ်တပ်နဲ့ မဟာမိတ်များက စစ်အင်အားကို အရှိန်မြှင့်ပြသနေသော်လည်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီကတော့ အခုနောက်ဆုံးစမ်းသပ်မှုကို အန္တရာယ်များတဲ့ မဆင်မခြင်လုပ်ရပ်လို့ သတ်မှတ်လိုက်ပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'တို့က မြောက်ကိုရီးယားစမ်းသပ်မှုကို အပြင်းထန်ဆုံးရှုတ်ချလိုက်ကာ ဥရောပသမဂ္ဂကလည်း ဒါဟာ မဆင်မခြင်လုပ်ရပ်နဲ့ တမင်တကာရန်စခြင်းလို့ ဆိုလိုက်ပြီး ကုလထွေချုပ်'အန်တိုနီယိုဂူတာရက်စ်'ကလည်း မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်ချက်ဟာ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းများကို ချိုးဖောက်ရာကျကြောင်း ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့တောင်းဆိုမှုဖြင့် ကုလလုံခြုံရေးကောင်စီဟာ ဗုဒ္ဓဟူးနေ့မှာ မြောက်ကိုရီးယားအကြောင်း ဆွေးနွေးသွားမှာဖြစ်ပေမယ့် တရုတ်နဲ့ရုရှားတို့က အဖွဲ့ဝင် ၁၅ နိုင်ငံတွေ့ဆုံမယ့် အစည်းအဝေးပွဲပြုလုပ်ဖို့ကို ဆန့်ကျင်လိုက်ပါတယ်။
ကောင်စီအနေနဲ့ ကိုရီးယားကျွန်းဆွယ်က အခြေအနေကို ဖြေလျှော့ရန်သာ အထောက်အကူဖြစ်စေဖို့အတွက် ကြိုးပမ်းသင့်ကြောင်း ထောက်ပြလိုက်ပါတယ်။
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ Hwasong-12 အမျိုးအစားကွဲတစ်ခုဖြစ်နိုင်ပြီး ၂၀၁၇ ခုနှစ်က ဂူအမ်ဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ပစ်ခတ်ရန် အစီအစဉ်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ဖူးပါတယ်။
မြောက်ကိုရီးယား အစိုးရကရော နိုင်ငံပိုင်မီဒီယာတွေကပါ အဆိုပါစမ်းသပ်မှုအကြောင်းနဲ့ ဒုံးကျည်အမျိုးအစားအကြောင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
တောင်ကိုရီးယားသမ္မတ'ယွန်ဆော့ယောလ်'က မြောက်ကိုရီးယားစမ်းသပ်မှုကို မဆင်မခြင်လုပ်ရပ်လို့ ဆိုလိုက်ကာ သူ့တိုင်းပြည်၊ မဟာမိတ်များနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ပြတ်သားတဲ့တုံ့ပြန့်မှု ဆောင်ရွက်ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ဒီစမ်းသပ်ပစ်ခတ်ခြင်းက မဆင်မခြင်ရာကျပြီး တမင်တကာရန်စတဲ့အပြုအမူဖြစ်ကာ ကုလလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းများကို ချိုးဖောက်ရာကျကြောင်း ဥရောပသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1478 of 1988