#Local_News
Published_21 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိသက်ဆိုင်ရာ Terminal များ၌ အောက်တိုဘာ ၁၉ ရက်တွင် စက်သုံးဆီ ဂါလန် စုစုပေါင်း ၁၀ ဒသမ ၉၄ သန်းခန့် ဆီချထားပြီးဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
အလားတူ အောက်တိုဘာ ၁၇ ရက်တွင် MT Glory Star သင်္ဘောသည် ပရီမီယံဒီဇယ်ဆီဂါလန် ၁ ဒသမ ၃၉ သန်း ဆီချခဲ့ပြီး ဓာတ်ဆီ 92 Ron ဂါလန် ၀ ဒသမ ၅၀ သန်း နှင့် MT Fly Marlin သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီဂါလန် ၁ ဒသမ ၁၂ သန်း ၊MT Beluga Pacific သင်္ဘောမှရိုးရိုး ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇၃ သန်းနှင့် ပရီမီယံဒီဇယ်ဆီဂါလန် ၂ ဒသမ ၅၅ သန်း ၊ MT Yu Hai သင်္ဘောမှ ဓာတ်ဆီ 92 Ron ဂါလန် ၁ ဒသမ ၈၄ သန်း ၊ ရိုးရိုးဒီဇယ်ဆီဂါလန် ၂ ဒသမ ၁၄ သန်းနှင့် ပရီမီယံဒီဇယ်ဆီဂါလန် ၁ ဒသမ ၀၆ သန်း တင်ဆောင်လာသည့် နိုင်ငွတကာသင်္ဘောများသည် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းအပြင် ရန်ကုန် သီလဝါသိုလှောင်ကန် ၊ စက်သုံးဆီအရောင်းဆိုင်များနှင့်ဖြန့်ဖြူးမှုလက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိပြီး ယခုရက်ပိုင်းအတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အနည်းငယ်စာဈေးမြင့်တက်နေကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _21 October 2022
ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးများဖြင့် ယနေ့နံနက်ပိုင်းက ပစ်ခတ်ခဲ့သောကြောင့် ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ ခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့၏ မြောက်ဘက်မှမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၈နာရီ ၁၅ မိနစ်ခန့်တွင် လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနအဆောက်အဦများအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှု များဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်သည့် အဖွဲ့မှာ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားပူးပေါင်းအဖွဲ့ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းတို့အနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူနေထိုင်လျက်ရှိသော လူနေရပ်ကွက်များအတွင်းနှင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင် နေသူများအား ရက်စက်မိုက်မဲစွာ အကြမ်းဖက်လုပ်ရပ်မှုလုပ်ဆောင်ရွက်ခဲ့သည်မှာ ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု( Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _21 October 2022
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ရွှေဈေးကို ကန်တစ်ဒေါ်လာလျှင် ၂၉၀၀ ကျပ် နှုန်းဖြင့် တွက်ချက်၍ ယနေ့အောက်တိုဘာလ ၂၁ ရက်တွင် ရောင်းချမှု စတင်လိုက်ကြောင်း သိရသည်။
မူလက အမေရိကန်တစ်ဒေါ်လာလျှင် ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်း ဖြစ်သည့် ၂၁၀၀ ကျပ်ဖြင့် ကမ္ဘာ့ရွှေပေါက်ဈေးကို တွက်ချက်ရောင်းချခဲ့ရာမှာ ယခုအခါ တစ်ဒေါ်လာလျှင် ၂၉၀၀ ကျပ်ဖြင့် ရောင်းချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
"ဗဟိုဘဏ်ကတော့ တရားဝင် သတ်မှတ်တာ ၂၁၀၀ ကျပ်၊အခုက သင်္ဘောသားတွေ ၊ ဓာတ်ဆီ၊ ဒီဇယ်အရောင်းသမားတွေက တစ်ဒေါ်လာကို ၂၉၀၀ ကျပ်နဲ့ ဈေးကိုဖြတ်ပြီး အရောင်းအဝယ်လုပ်ကြတာဆိုတော့ ရွှေကိုလည်း ဒီလိုပဲ ၂၉၀၀ နဲ့ပဲ တွက်လိုက်တဲ့ သဘောပါ"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောသည်။
ယနေ့ အောက်တိုဘာလ(၂၁)ရက် နေ့လယ်ပိုင်းတွင် ကမ္ဘာ့ရွှေ ပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၆၂၀ ဒေါ်လာ ဖြစ်သောကြောင့် မြန်မာကျပ်ငွေဖြင့်ဆိုလျှင် အကယ်ဒမီ မီးလွတ်ရွှေ တစ်ကျပ်သား ဈေးမှာ ကျပ် နှစ်ဆယ့် လေးသိန်း ခြောက်သောင်း ခြောက်ထောင့် ငါးရာ သုံးဆယ် ဖြစ်ကြောင်း သိရသည်။
"ဒီလိုသတ်မှတ်ပြီးတော့ ရောင်းနေတာကြောင့် ရွှေဈေးတက်လာနိုင်သလားလို့ မေးသူတွေ ရှိတယ်၊ ရွှေဈေးက မတက်ပါဘူး၊ သက်ဆိုင်ရာက ထိန်းချုပ်တာတွေ လုပ်ထားပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 October 2022
ရန်ကုန်ရွှေအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးမှာ ဒီကနေ့ အောက်တိုဘာ (၂၁) ရက် အဖွင့်စျေး ထုတ်ပြန်ရာမှာတော့ ကျပ် ၂၄ သိန်းကျော်အထိ မြင့်တက်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
YGEA က ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးမှာ အောက်တိုဘာလအတွင်း မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် (၁၉) သိန်းကျော် မှာသာရှိနေခဲ့ပေမယ့် အောက်တိုဘာ (၂၁) ရက်နေ့ ရွှေအဖွင့်စျေးကိုထုတ်ပြန်ရာ၌ တစ်ကျပ်သားလျှင် ၂၄၇၅၆၆၅ ကျပ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ (၂၁) ရက် နံနက် (၁၀) နာရီအချိန် ကမ္ဘာ့ရွှေ ပေါက်ဈေးကတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၆၂၆ အထိကျဆင်းနေပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _21 October 2022
ပြည်ပကိုထွက်မည့်သူများအား လေဆိပ်တွင် ဒေါ်လာရောင်းပေးနေပြီ ဖြစ်ကြောင်း ပြည်ပသို့ ထွက်ခွာသူများက အတည်ပြု ပြောဆိုသည်။
ပြည်ပထွက်ခွာသူများအား လူတစ်ဦးလျှင် ဒေါ်လာ တစ်ထောင်၊ ငါးရာ စသည့် ပုံစံမျိုး ရောင်းချပေးနေသည်မှာ လွန်ခဲ့သည့် တစ်ပတ်ခန့်ကပင် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းမှာ ပြည်တွင်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ပြည်ပထွက်ခွာမည့်သူများ ဒေါ်လာလိုက်ဝယ်သည့် ဂယက်ကြောင့် ဈေးတက်မှုများ ဖြစ်ခဲ့သည့်အတွက်ဟု ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူတစ်ဦးက ဆိုသည်။
"ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်ကဆိုရင် ဒေါ်လာက အရောင်း ၂၆၅၀ ၊ အဝယ် ၂၈၀၀ ရှိခဲ့တယ်၊ ဒါပေမဲ့ လက်ရှိအောက်တိုဘာလ ၃ ရက်နေ့ကမှာ ရုတ်တရက် ခုန်တက်သွားခဲ့တာ တစ်ဒေါ်လာကို အရောင်း ၂၈၀၀ နဲ့ အဝယ် ၂၉၅၀ ဖြစ်လာခဲ့တာပါ ။အဲဒီတုန်းက ပြည်ပထွက်မယ့်သူတွေက အဝယ်လိုက်နေတာ ရှိနေတာနဲ့ တိုက်ဆိုင်နေတာမျိုး ကြုံခဲ့ရဖူးတယ်"ဟု ဒေါ်လာအရောင်းအဝယ် ပြုလုပ်နေသူက ဆိုသည်။
ယင်းအချိန်က ဈေးကွက်အတွင်း ကုန်သည်များအနေဖြင့် ဒေါ်လာလိုက်ဝယ်ကြသည့်အတွက် ဈေးတက်ခြင်းမျိုးမဟုတ်ဘဲ ပြည်ပကို ထွက်မည့်သူများက ခေါ်ဈေးအတိုင်း ပေးဝယ်နေကြရာမှတစ်ဆင့် ဒေါ်လာဈေးတက်လာခြင်း ဖြစ်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအနေဖြင့် ပြည်ပထွက်မည့်သူများအား သတ်မှတ်နှုန်းတစ်ခုခု ဖြင့် ရောင်းပေးမည်ဆိုလျှင် ပိုမို အဆင်ပြေနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းမြင့်က အကြံပြုပြောဆိုခဲ့သေးသည်။
ယခုအခါ တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား အရေးယူမှု စတင်ပြီ ဖြစ်ကြောင်း လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 October 2022
နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည့် ဆင်မကြီးမိုမို၏ မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်(၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
အောက်တိုဘာလ (၂၈) မှ (၃၀) ရက်နေ့အထိ Mo Mo ‘s Birthday Weekend အနေဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ ပျော်စရာအစီစဉ်တွေ အများကြီးကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်၊၊
ဆင်ကြီးမိုမိုမွေးနေ့ပွဲတွင်Mo Mo အတွက် ကိတ်ခွဲခြင်း၊ Mo Mo Photo Exhibition၊ တိရစ္ဆာန်ပြပွဲ Animal Show ၊ တေးဂီတMusic & Performance ၊မျက်လှည့်Magic Show ၊Photo Booth၊ချစ်စရာတိရစ္ဆာန်လေးများနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအပြင်၊ သားသားမီးမီးတို့အကြိုက် ပျော်ရွှင်စရာ Game အစီအစဉ်တွေအများကြီး ပါဝင်မည်ဖြစ်ကြောင်း သိရသည်၊၊
ကိုဗစ်ကာလတုန်းကလည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများနှင့်ဆင်ကြီးမိုမို မွေးနေ့ကို ပြုလုပ်ပေးခဲ့ပြီးကိုဗစ်ကာလအလွန် ယခုနှစ်တွင် ဆင်ကြီးမိုမို၏ မွေးနေ့ပွဲကိုခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
Bazaar တွင် ပါဝင်ရောင်းချလိုသည့် ဆိုင်ခန်းများရှိရင်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ (Ph- 09262499324 or Page CB) မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်းဖော်ပြထား သည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 21 October 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပုလဲအတွဲပေါင်း ၁၈၉ တွဲ ရောင်းချရကြောင်း သိရပါတယ်။
ဒီကနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဒီကနေ့ ပုလဲအတွဲပေါင်း (၁၈၉) တွဲ ရောင်းချရကြောင်း သိရပါတယ်။
ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
နေပြည်တော် ဇဗ္ဗူသီရိမြိုနယ် ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်နှင့်လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များနှင့် ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို လာရောက်လေ့လာကြည့်ရှုကြပါတယ်။
နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၄၀၀ ၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တိုကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#ymg_mnn
#Yangon_Media_Group
Page 1444 of 1985