၂၀ မတ် ၂၀၂၄
လယ်သမားတွေ ရိုးပြတ်မီးရှို့သော နေရာတွေမှ ထွက်ရှိတဲ့ ပြောင်းသီးနှံတွေ တင်သွင်းခြင်းကို ယခုနှစ်မှစတင်ကာပိတ်ပင်ဖို့ အတွက် ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့ (မတ် ၁၉)ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
အဲသလို ပိတ်ပင်ခြင်းဟာ ထိုင်းနိုင်ငံအနေနှင့် အိမ်နီးချင်းနိုင်ငံတွေဆီကနေ နှစ်စဉ် ထွက်ရှိရောက်ရှိတဲ့ မီးခိုးငွေ့ကို လျှော့ချ ပစ်နိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
အစိုးရအဖွဲ့ဟာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ယင်းနှင့်ပတ်သက်လို့ ပြင်ဆင်ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်တယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရသူ ချိုင်း ဝါချာအွန်ကေက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက လယ်ကွင်းတွေမီးရှို့တဲ့အတွက် ဖြစ်ပေါ်ရတဲ့ လေထုညစ်ညမ်းမှုအပေါ် အစိုးရရဲ့ စိုးရိမ်ပူပန်မှုကို ယခု အရေးယူဆောင်ရွက်မှုက ဖော်ပြနေတာဖြစ်တယ်လို့ သူကပြောပါတယ်။ တာဝန်ရှိ အရာရှိကြီးတွေအနေနှင့် ဂြိုဟ်တုဓာတ်ပုံ တွေကိုအသုံးပြုကာ ပြောင်းစိုက်တဲ့ ဒေသတွေကို ကြည့်ရှသွားမယ်လို့ မစ္စတာချိုင်းက ပြောပါတယ်။
မည်သည့် သွင်းကုန်ပိတ်ပင်မှုမျိုးမဆို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေနှင့် ကိုက်ညီရလိမ့်မှာဖြစ်ပြီး ယခုနှစ် ထွက်ပေါ် လာမယ်လို့မျှော်လင့်ထားတဲ့ သန့်ရှင်းလေဥပဒေကို စောင့်ဆိုင်းနေတယ်လို့လည်းသူကပြောပါတယ်။
ထိုင်းနိုင်ငံဟာ နှစ်စဉ် ပြောင်း တန်ချိန် ၈.၉ သန်း လိုအပ်မှုရှိပါတယ်။ ပြည်တွင်းထုတ်လုပ်မှုက တစ်နှစ်ကို တန်ချိန် ၄.၉ သန်း ရှိပါတယ်။
ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကနေ နှစ်စဉ် ပြောင်းတန်ချိန် ၁.၆သန်းတင်သွင်းနေရပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ ကနေ တန်ချိန် ခြောက်သိန်းမှ ခုနှစ်သိန်းအထိ လာအိုမှ တန်ချိန် သုံးသိန်းမှလေးသိန်းအထိနှင့် ကမ္ဘောဒီးယားမှ တန်ချိန် တစ်သိန်းခန့် တင်သွင်းနေရတာဖြစ်ပါတယ်။
ကျန်တန်ချိန်နှစ်သန်းကိုတော့ အခြားနိုင်ငံများမှတင်သွင်းနေပြီး အများစုမှ ဘရာဇီးမှဖြစ်ကြောင်းသိရှိရပါတယ်။
Source Bangkok Post
#ymg/knl
#world_News
#Thailand
#Business
၁၇ စက်တင်ဘာ ၂၀၂၃
ဘန်ကောက်အဲဝေးစ်က အောက်တိုဘာ ၃၁ ရက်အထိ လေယာဉ်ပေါ်မတက်ခင် ခရီးသည်အာလုံး ကိုယ်အလေးချိန် ချိန်တွယ်ရမည့် အစီအစဉ်ကိုကြေညာခဲ့သည်။ အချက်အလက်များကို လျှို့ဝှက်ထားပေးမည်ဟုလည်းပြောသည်။
လေကြောင်းလိုင်း၏ကြေညာချက်တွင် ခရီသည်များ ကိုယ်အလေးချိန် ချိန်တွယ်သည်မှာ နိုင်ငံတကာလေကြောင်းပျံသန်းရေးအဖွဲ့ကြီး၏ စံနှုန်းများအတိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး လေယာဉ်ပျံသန်းမှု လုံခြုံစိတ်ချမှုရှိစေရေးအတွက် ပျံတက်စဉ် ဝန်အလေးချိန်ကို တွက်ချက်ရာ တွင် အထောက်အကူဖြစ်စေရန်ဟုဆိုသည်။
ကိုယ်အလေးချိန် ချိန်ခြင်းကို ထွက်ခွာဂိတ်ပေါက်တွင် လေယာဉ်မတင်ခင် ပြုလုပ်မည်ဖြစ်ပြီး ခရီးသည်အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ေ လေကြောင်းလိုင်းက မေတ္တာရပ်ခံထားသည်။
ကိုရီးယားလေကြောင်းနှင့် အဲနယူးဇီလန်တို့ကလည်း ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။
ဘန်ကောက်အဲဝေးစ်သည် ထိုင်း၊ကမ္ဘောဒီးယား၊ဟောင်ကောင်၊လာအို၊မော်လဒိုက်၊မြန်မာ၊စင်္ကာပူနှင့်ဗီယက်နမ်များသို့ ပျံသန်းပေးနေပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် အခြေပြုထားသည်။
Source ThaiPBS
၂၈ ဩဂုတ် ၂၀၂၃
အိန္ဒိယနိုင်ငံအတိုင်းပဲ မြန်မာနိုင်ငံက ဆန်တင်ပို့မှု နှစ်လတာရပ်ဆိုင်းမယ်ဆိုတဲ့အတွက် ကမ္ဘာ့ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်သွားပြီး ထိုင်းဆန်ဈေးနှုန်းဟာ တစ်တန်ကို ဘတ်ငွေ ၁၂၀၀၀ အထိ တက်သွားတယ်လို့ နေရှင်းသတင်းစာ ရဲ့သတင်းအရ သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ဇူလိုင် ၂၀ရက်ကစပြီး ဆန်အများစုကို ပြည်ပတင်ပို့မှုရပ်ဆိုင်းခဲ့ပါတယ်။ အဲဒါကြောင့် အခြားသော ဆန်တင်ပို့နေတဲ့ နိုင်ငံတွေကလည်း အလားတူလုပ်လာကြမှာကို စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို မတည်မငြိမ်စေခဲ့ပါတယ်။ နိုင်ငံတော်တော်များများက အိန္ဒိယနိုင်ငံကို ဆန်ကို ခွဲတမ်းနှင့်ရောင်းချပေးဖို့ မေတ္တာရပ်ခံတာ တွေလည်းရှိနေပါတယ်လို့ နေရှင်းသတင်းမှာဖော်ပြထားပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆန်တင်ပို့တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ နေရာ ယူထားပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းအပေါ် အကြီးအကျယ်ရိုက်ခတ်နေတာဖြစ်ပါတယ်။ အခြားသော ဆန်တင်ပို့တဲ့ အဓိကနိုင်ငံတွေက ထိုင်း၊ဗီယက်နမ်၊ပါကစ္စတန်နှင့် အမေရိကန်တို့ဖြစ်ကြပြီး အိန္ဒိယရဲ့ ဆန်တင်ပို့မှု အစိတ်အပိုင်းတစ်ခုပိတ်ပင်မှုကြောင့် အဲဒီနိုင်ငံတွေအပေါ်လည်း ရိုက်ခတ်မှုတွေရှိလာနေတာပါ။
ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ချိူကီယတ်အိုဖတ်စ်ဝန်ဆီက “ လက်ရှိ ဆန်ဈေးနှုန်းအခြေအနေဟာ ရောင်းသူတွေကို ဈေးနှုန်းအတိအကျနှင့်ရောင်းဖို့ စိန်ခေါ်သလိုဖြစ်နေတယ်” လို့ ပြောပါ တယ်။ အဲဒီလိုဖြစ်နေရတဲ့အထဲ မြန်မာနိုင်ငံက ထပ်မံပြီး ဆန်တင်ပို့မှု ပိတ်ပင်တာကြောင့် ပိုမသေမချာအခြေအနေ ဖြစ်သွားရတယ်လို့ ပြောပါတယ်။
ကုန်သည်တွေဟာ အိန္ဒိယအနေနှင့် ဘယ်နိုင်ငံတွေကိုဆန်ရောင်းမယ်လို့ဆုံးဖြတ်လဲဆိုတာ အနီးကပ်စောင့်ကြည့်နေကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကမ္ဘာ့ဆန်ဈေးအပေါ်ရိုက်ခတ်မှုရှိမှာကြောင့်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ တတိယဆန်တင်ပို့မှုအများဆုံး ဗီယက်နမ်နိုင်ငံကတော့ သူတို့အနေနှင့် ဆန်ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် အခြားသော ဆန်တင်ပို့တဲ့နိုင်ငံတွေ ဘာလုပ်မယ်ဆိုတာတွေကြည့်နေရ တာကြောင့် ဈေးကွက်မသေချာမှုတွေက ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံက တစ်နှစ်ကို ဆန်တန်ချိန်(၈)သန်းတင်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ဆက်ရှိနေဦးမှာဖြစ်တယ် လို့သူကပြောပါတယ်။ဒါပေမယ့် အဓိကဆန်တင်သွင်းနေတဲ့ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားလိုနိုင်ငံတွေက အိန္ဒိယကနေ ဆန် ဝယ်လို့ရသွားရင် ထိုင်းဆန်တင်ပို့မှုဟာ မှန်းသလောက်ဖြစ်မလာနိုင်ဘူးလို့ သူကပြောပါတယ်။
Source: The Nation
Published_ 10 August 2023
ကမ္ဘာတဝှမ်း ပြည်သူ့ကျန်းမာရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ပဋိဇီဝဆေးယဉ်ပါးခြင်း မြင့်တက်လာခြင်းနဲ့ လေထုညစ်ညမ်းမှုတို့ကြား ဆက်စပ်မှုကို လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
ထိုသုတေသနအကြောင်းကို ဆယ်စုနှစ် ၂ ခုနီးပါးအထိ နိုင်ငံပေါင်း ၁၀၀ ကျော်မှ အချက်အလက်များ ဆန်းစစ်ခဲ့တာဖြစ်ကြောင်း ဂါးဒီးယန်းက ဖော်ပြခဲ့ပါတယ်။
ပဋိဇီဝဆေးယဉ်ပါးခြင်းဟာ နိုင်ငံမရွေး လူမျိုးမရွေး အသက်အရွယ်မရွေး ဖြစ်ပွားနေပြီး နှစ်စဉ်လူပေါင်း ၁.၃ သန်းမှာ ထိခိုက်နေတယ်လို့ ဆိုပါတယ်။
ပဋိဇီဝဆေးယဉ်ပါးခြင်း ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ရောဂါပိုးကူးစက်မှုတွေကို ကုသရင်း ပဋိဇီဝဆေးတွေ လွဲမှားစွာ အလွန်အကျူးသုံးစွဲမိခြင်းဖြစ်ပြီး ယခုလေ့လာချက်အရ လေထုညစ်ညမ်းမှုကလည်း ပိုမိုဆိုးရွားစေတယ်လို့ ညွှန်ပြနေပါတယ်။
လေထုညစ်ညမ်းမှုအတိုင်းအတာ PM 2.5 ဆိုရင် ပဋိဇီဝဆေးယဉ်ပါး ဘက်တီးရီးယားများနဲ့ မျိုးဗီဇများပါရှိပြီး လူသားတွေမှာ ရှူသွင်းမိခြင်း ဖြစ်နိုင်ပါတယ်။
လေထုညစ်ညမ်းမှုက အများပြည်သူကျန်းမာရေးကို အများပြားဆုံး ခြိမ်းခြောက်နေပြီး နှလုံးရောဂါ၊ ရင်ကြပ်ရောဂါ၊ အဆုတ်ကင်ဆာ စတဲ့နာတာရှည်ရောဂါများအပြင် နောက်ဆုံးမှာ ပျမ်းမျှနေထိုင်သက်တမ်းတိုတောင်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။
ရေတိုမှာဆိုရင် ချက်ချင်းသက်ရောက်မှုအနေနဲ့ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရင်ကြပ်ခြင်းတို့ဖြစ်နိုင်ကာ ဆေးရုံဆေးခန်း သွားရောက်ရတာမျိုး အဖြစ်များလာပါတယ်။
ယခုလေ့လာတွေ့ရှိချက်က လေထုညစ်ညမ်းမှုကို ထိန်းသိမ်းရုံမက ပဋိဇီဝဆေးယဉ်ပါးဘက်တီးရီးယား ပျံ့နှံ့များပြားခြင်းကိုပါ တိုက်ဖျက်တဲ့နေရာမှာ အရေးပါလာနိုင်ပါတယ်။
ဆေးရုံများ၊ ခြံမြေများ၊ ရေဆိုးသန့်စင်ရေးလုပ်ငန်းများမှ ထွက်လာတဲ့လေလမ်းကြောင်းတွေကနေ ပဋိဇီဝဆေးယဉ်ပါးအမှုန်များဟာ အတော်အတန်ကွာဝေးတဲ့အထိ ပျံ့နှံ့သွားနိုင်ပါတယ်။
လေထုညစ်ညမ်းမှု ၁၀ ရာခိုင်နှုန်းတက်လာတိုင်း ပဋိဇီဝဆေးယဉ်ပါးမှု ၁.၁ ရာခိုင်နှုန်းမြင့်တက်လာကာ ဆက်စပ်မှုက တစ်နှစ်ထက်တစ်နှစ် ပိုမိုသိသာလာပါတယ်။
လေထုညစ်ညမ်းမှုမှ ဖြစ်လာတဲ့ ပဋိဇီဝဆေးယဉ်ပါးခြင်းကြောင့် ၂၀၁၈ တစ်နှစ်တည်းမှာပင် အရွယ်မတိုင်ခင်သေဆုံးသူ ၄၈၀,၀၀၀ ခန့်ရှိနိုင်ပါတယ်။
Source: WION.
#World_Science
#YMG #Yangon_Times
#World_Health
Published 1 April 2023
အိန္ဒိယမှာ နာတာရှည်ကျောက်ကပ်ရောဂါတွေ အတော်လေးအဖြစ်များပြီး အများစုက ရောဂါမတွေ့ရှိကြဘူးလို့ ကျွမ်းကျင်သူများယုံကြည်နေပါတယ်။
ကျောက်ကပ်တွေက အညစ်အကြေးစစ်ထုတ်ခြင်းအတွက် အရေးပါတဲ့အင်္ဂါဖြစ်ပါတယ်။
နံရိုးအိမ်အောက်ဘက်မှာ ပဲကြီးစေ့ပုံသဏ္ဍာန်ဖြင့် အင်္ဂါနှစ်ခုရှိပြီး ပိုလျှံနေတဲ့အရည်တွေနဲ့ သွေးတွင်းရှိအညစ်အကြေးများ ဖယ်ရှားခြင်းကဲ့သို့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာများ လုပ်ဆောင်ပေးပါတယ်။
ခန္ဓာကိုယ်ရဲ့ pH အနေအထား၊ ဆား၊ ပိုတက်ဆီယမ်ပမာဏတို့ကို ထိန်းညှိပေးပါတယ်။
ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်ပို့ဆောင်ပေးတဲ့ သွေးနီဥထုတ်လုပ်မှုကို ထိန်းချုပ်ပေးမယ့် ဟော်မုန်းတွေလည်း ထုတ်လုပ်ပေးပါတယ်။
နေထိုင်စားသောက်မှုပုံစံ မမှန်ကန်ခြင်းတို့ကြောင့် ကျောက်ကပ်ထိခိုက်တတ်ပြီး အသံတိတ်ဒုက္ခပေးတတ်တာကြောင့် ရောဂါလက္ခဏာတွေကို စောစီးစွာသိရဖို့ အရေးကြီးပါတယ်။
ဖြစ်နိုင်ချေလက္ခဏာတွေကို မစစ်ဆေးပါက နာတာရှည်ဖြစ်လာနိုင်ပါတယ်။
၉၀ ရာခိုင်နှုန်းလောက်က နောက်ဆုံးအဆင့်မတိုင်ခင်အထိ လက္ခဏာမတွေ့ရကြောင်း ဆီးနှင့်ကျောက်ကပ်ဆရာဝန်'ရှရီနီဗာဆာပရာဆက်'က ဆိုပါတယ်။
"သွေးရည်ကြည် creatinine ၊ ဆီး albumin စစ်ဆေးခြင်းနည်းလမ်းများဖြင့် ရောဂါရှာဖွေနိုင်ပြီး နောက်ပိုင်းအဆင့်တွေရောက်တဲ့အခါ လူနာက တစ်ကိုယ်လုံးမှာ ဖောရောင်လာပါတယ်" လို့ ကျောက်ကပ်ခွဲစိတ်ဆရာဝန်'ယိုဂျက်ရှ်ကူမာချာဘရာ'က ပြောပြခဲ့ပါတယ်။
သွေးပေါင်ချိန်များခြင်းက ကျောက်ကပ်ရောဂါရဲ့ အစောပိုင်းလက္ခဏာများ ဖြစ်နေနိုင်ပါတယ်။
သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းရှိတဲ့ လူနာတွေဟာ ကျောက်ကပ်လုပ်ဆောင်ချက်များကို ပုံမှန်စစ်ဆေးသင့်တယ်လို့ ဒေါက်တာပရာဆက်က ဆိုပါတယ်။
အချိန်နဲ့အမျှ ကျောက်ကပ်တွေကို စစ်ဆေးသင့်ပြီး ဆီးချို၊ သွေးတိုး၊ နာတာရှည်ကျောက်ကပ်ရောဂါမျိုးရိုးရှိသူတွေ အဖြစ်များနိုင်ပါတယ်။
အစောပိုင်းအဆင့်တွေမှာ ကျောက်ကပ်လုပ်ဆောင်စစ်ဆေးနည်း၊ ဆီးစစ်ဆေးနည်း၊ သွေးပေါင်ချိန်တို့ဖြင့် စစ်ဆေးနိုင်သလို ထိုအဆင့်တွေမှာ သင့်လျော်တဲ့အတိုင်းအတာဖြင့် ရောဂါအခြေအနေကို ပြောင်းလဲပစ်နိုင်ချေရှိပါတယ်။
Source: India Today
#ကျောက်ကပ်ရောဂါ #လက္ခဏာများ
#YMG #Yangon_Media_Group
Published 4 Feb 2023
နှစ်ရက်တာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီ(၄)ရက်စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ပြီးဆုံးခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အည်းကို အဆုံးသတ်စေမယ့် လွန်ခဲ့တဲ့ (၂)နှစ်က သဘောတူထားခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာကို တိုက်တွန်းလိုက်တယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။
အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားဟာ ၂၀၂၃ခုနှစ်အတွက် အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ဒီနှစ်အကုန်မှာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။
ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့အခြေအနေက လွှမ်းမိုးသွားခဲ့ပါတယ်။
Source AFP
#ASEAN_Foreing_Ministers_Meeting_Jakarta
#ASEAN_Chiar_Indonesia
#ASEAN_Myanmar
Published 11 Jan 2023
ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦးဟာ အာဆီယံအတွင်းရေးမှူးချုပ်တာဝန်ကို စတင်ထမ်းဆောင်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ကောင်းကင်မ်ဟွန်း Kao Kim Hourn ဟာ အာဆီယံအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ်တာဝန်ကို ဘရူးနိုင်းထံကနေ လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။
“ အာဆီယံရဲ့ အရေးကြီးတဲ့သမိုင်းမှာ နောက်စာမျက်နှာဟာ စိန်ခေါ်မှုတွေ၊အခွင့်အလမ်းတွေနှစ်ခုစလုံးပါဝင်တဲ့ အသစ်နှင့်ထွန်းသစ်စ ဦးတည်မှုတွေကနေ ပုံဖော်ပေးပါလိမ့်မယ်” လို့ ကောင်းက ပြောပါတယ်။
အဖွဲ့ဝင်တွေသာညီညွတ်ရင် အာဆီယံဟာ ဘာတစ်ခုကိုမျှ မအောင်မြင်စရာမရှိဘူး လို့လည်း သူကပြောပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ်တာဝန်လွှဲပြောင်းပွဲကို တနင်္လာနေ့တုန်းက ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာရှိတဲ့ အာဆီယံ ရုံးချုပ်မှာ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ဟောင်း လင်မ်ဂျုပ်ဟွိုင်ကလည်း အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီ နှင့်အတူ တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး တင်းမာတဲ့သဘောထားရပ်တည်ဖို့အတွက် အာဆီယံနိုင်ငံတွေအကြား သဘောထား ကွဲပြားမှုတွေရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနှင့်မလေးရှားတို့က တင်းမာတဲ့သဘောထားရှိကြပြီး ကမ္ဘောဒီးယားနင့်ထိုင်းတို့က ဖြန်ဖြေစေ့စပ်ပေးလိုတဲ့ သဘောထားရှိနေခဲ့ကြတာဖြစ်ပါတယ်။
Source:NHK
#Kao_Kim_Hourn
#Secretary_General_ASEAN
#ASEAN_Myanmar
Page 2 of 3