#World_Health
Published - 14 January 2022
အိုမီခရွန်မျိုးဗီဇကွဲနဲ့ နောက်ထွက်ပေါ်လာနိုင်တဲ့ ကိုရိုနာမျိုးဗီဇကွဲတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန် လက်ရှိကိုဗစ်ကာကွယ်ဆေးတွေကို ပြုပြင်ပြောင်းလဲထုတ်လုပ်ဖို့ လိုအပ်လာနိုင်ကြောင်း WHO မှ နည်းပညာအဖွဲ့က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
ပြင်ပကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နည်းပညာအဖွဲ့က လက်ရှိကိုဗစ်ကာကွယ်ဆေးတွေရဲ့ ပါဝင်ဖွဲ့စည်းပုံတွေကို ပြောင်းလဲဖို့အကြံပြုထားပြီး WHO ရဲ့ စံချိန်စံညွှန်းသတ်မှတ်ချက်တွေအတိုင်း အိုမီခရွန်နဲ့ နောက်ထွက်ပေါ်လာနိုင်တဲ့ မျိုးဗီဇကွဲတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါတွေကိုကာကွယ်နိုင်ဖို့ ပြောင်းလဲထုတ်လုပ်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေက booster အားမြှင့်ကာကွယ်ဆေးတွေ ဆက်တိုက်ထိုးနေရခြင်းမရှိဘဲ ရောဂါခုခံအားတွေ ကြာရှည်ခံနေဖို့လိုကြောင်း ဆိုပါတယ်။
မူလကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမှာ booster အားမြှင့်ကာကွယ်ဆေးတွေ ထပ်ခါထပ်ခါထိုးနှံခြင်းအစီအစဉ်က သင့်လျော်တဲ့အစီအစဉ်တော့ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း အခုအချိန်မှာ အိုမီခရွန်ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးထုတ်လုပ်ဖို့ မကြေညာသေးဘဲ သုတေသနတွေ ထပ်မံပြုလုပ်ဖို့လိုအပ်ပြီး ထုတ်လုပ်သူတွေကို အချက်အလက်တွေမျှဝေဖို့ တိုက်တွန်းထားပါတယ်။
ပြောင်းလဲထုတ်လုပ်မယ့် ကိုဗစ်ကာကွယ်ဆေးဟာ လက်ရှိကူးစက်မှုအများအပြားဖြစ်နေတဲ့ အိုမီခရွန်မျိုးဗီဇကွဲကို ပစ်မှတ်ထားတာဖြစ်နိုင်သလို မျိုးဗီဇကွဲများစွာကို ထိရောက်စွာကာကွယ်နိုင်မယ့် စွယ်စုံရကာကွယ်ဆေးလည်း ဖြစ်နိုင်ပါတယ်။
ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီအချို့ကတော့ အိုမီခရွန်ကိုပစ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးအသစ်တွေကို တီထွင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။
ဖိုင်ဇာကုမ္ပဏီမှ အမှုဆောင်ချုပ် အယ်လ်ဘတ်ဘိုလာက အိုမီခရွန်မျိုးဗီဇကွဲကို ပစ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို လိုအပ်လာနိုင်ပြီး သူတို့ကုမ္ပဏီက မတ်လမှာ ပြုပြင်ပြောင်းလဲထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုး ဖြန့်ချိနိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။
မိုဒါနာကုမ္ပဏီကလည်း အိုမီခရွန်ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး နောက် ၂ လမတိုင်ခင်အထိတော့ ရရှိနိုင်မှာ မဟုတ်ပါဘူး။
ကာကွယ်ဆေးအသစ် ဖွဲ့စည်းထုတ်လုပ်ပုံကို နိုင်ငံတကာမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သင့်ပြီး ထုတ်လုပ်ရေးကုမ္ပဏီတွေကိုပဲ ဆုံးဖြတ်ခွင့်မပေးသင့်ကြောင်း WHO တာဝန်ရှိသူတွေက ပြောကြားခဲ့ဖူးပါတယ်။.
Source: Reuters