#World_Politics
Published 30 August 2024


▪️ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ရာထူးမှဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာနဲ့ ဆွေမျိုးတွေ အခွင့်ထူးခံရရှိထားတဲ့ လုံခြုံရေးအကာအကွယ်ကို ကြာသပတေးနေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။

 

▪️ ဒီမတိုင်ခင်ရက်တွေကလည်း ယင်းတို့ရဲ့ သံတမန်ရေးရာ နိုင်ငံကူးလက်မှတ်တွေကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။

 

▪️ အကြံပေးအတိုင်ပင်ခံ အကြီးအကဲ မူဟာမက်ယူနက်စ်နဲ့အတူ အကြံပေးကောင်စီက ၂၀၂၁ အထူးလုံခြုံရေးတပ်ဖွဲ့ အက်ဥပဒေကို ပြောင်းလဲပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကာ ရှိတ်ခ်ဟာဆီနာနဲ့ နီးစပ်ရာဆွေမျိုးတွေရဲ့ အထူးလုံခြုံရေးခံစားခွင့်ကို ဖယ်ရှားလိုက်တယ်လို့ BSS သတင်းဌာနက ဖော်ပြထားပါတယ်။

 

▪️ ဩဂုတ် ၅ ရက်နေ့က ရှိတ်ခ်ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးပြီးနောက် ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘူဒင်က ပါလီမန်ကို ဖျက်သိမ်းလိုက်ပါတယ်။

 

▪️ ဟာဆီနာက လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ အမှုကိစ္စပေါင်း ၇၅ မှုကျော် ရင်ဆိုင်နေရပြီး တဝက်နီးပါးလောက်က လူသတ်မှုတွေ ဖြစ်ပါတယ်။

 

▪️ ကျောင်းသားလူထု ဆူပူအုံကြွမှုကြီး အကြောင်းပြုပြီး ၂၀၂၄ ဩဂုတ် ၈ ရက်နေ့မှာ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာကာ အတိုင်ပင်ခံအကြီးအကဲနဲ့ အခြားအကြံပေးအရာရှိတွေဖြင့် ဖွဲ့စည်းဖြစ်ခဲ့တယ်လို့ အတိုင်ပင်ခံ အကြီးအကဲရုံးက ကောင်စီအစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။

 

▪️ ယခင်အစိုးရလက်ထက်မှာ ထိုအက်ဥပဒေကို ပြဌာန်းကျင့်သုံးခဲ့ပြီး ၂၀၁၅ မေလ ၁၅ ရက်နေ့မှာ ထိုဥပဒေအရ ရှိတ်ခ်ဟာဆီနာနဲ့ ဆွေမျိုးရင်းချာများအတွက် အထူးလုံခြုံရေးနဲ့ အကျိုးခံစားခွင့်များ ပေးအပ်တဲ့အကြောင်းကို သတင်းစာမှာ ကြေညာခဲ့ပါတယ်။

 

▪️ ဒီဥပဒေဟာ မိသားစုဝင်တစ်ခုတည်းအတွက်သာ အထူးခံစားခွင့် ပေးထားတာကြောင့် ခွဲခြားဆက်ဆံတဲ့ သဘော ရှင်းရှင်းလင်းလင်း မြင်ရကြောင်း၊ ကြားဖြတ်အစိုးရက ခွဲခြားဆက်ဆံမှုအားလုံးကို ဖယ်ရှားရန် အသေအချာ ကတိပြုထားကြောင်း ပြောပါတယ်။

 

▪️ အကြံပေးကောင်စီအဖွဲ့ဝင် ဆိုင်ယက်ဒါရစ်ဇ်ဝါနာဟာဆန်က ခွဲခြားဆက်ဆံရေး ဆန့်ကျင်လှုပ်ရှားမှုကြောင့် ကြားဖြတ်အစိုးရ ပေါ်ပေါက်လာရတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

▪️ လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနက ရှိတ်ခ်ဟာဆီနာနဲ့ အကြံပေးအရာရှိများ၊ ဝန်ကြီးချုပ်အဖွဲ့ဝင်ဟောင်းများ၊ ပါလီမန်အဖွဲ့ဝင်အားလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်လိုက်သလို ယင်းတို့ရဲ့ ဇနီးမယား၊ ကလေးတွေရဲ့ လက်မှတ်တွေကိုလည်း ချက်ချင်းရုပ်သိမ်းစေပါတယ်။

 

▪️ ယခင် အဓမ္မဖမ်းခေါ်သွားခံရတဲ့ ကိစ္စတိုင်းကိုလည်း စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ထိုကိစ္စတွေကြောင့် လူ ၇၀၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

 

#Source: NDTV