၁၃ ဩဂုတ် ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဖြုတ်ချတဲ့ကိစ္စမှာ အမေရိကန်ပါဝင်ပတ်သက်မှုမရှိဘူးလို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ငြင်းချက်ထုတ်ပါတယ်။  အမေရိကန်စွက်ဖက်မှုလို့ စွပ်စွဲနေတာတွေဟာ အမှားတွေသာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

“ ကျွန်မတို့ ဘာတစ်ခုမှ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။ ဒီဖြစ်ရပ်မှာ အမေရိကန်အစိုးရ ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ၊ ကောလဟာလတွေဟာ တကယ်တမ်းတော့ အမှားတွေပါ” လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ကရင်ဂျင်း ပီယဲက  သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ပါဝင်ပတ်သက်နေသလားဆိုတဲ့မေးခွန်းကို ပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံထုတ် အီကော်နောမစ်တိုင်းမ်သတင်းစာကြီးမှာ တနင်္ဂနွေက ဟာဆီနာရဲ့ပြောကြားချက်ကို ကိုးကားပြီး သတင်းတစ်ပုဒ်ဖော်ပြခဲ့ရာမှာ အမေရိကန်အနေနှင့်  ဘင်္ဂလားပင်လယ်အော်ထဲက ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းကို ထိန်းချုပ်လိုတဲ့အတွက် သူမကို ဖြုတ်ချရမှာ အမေရိကန်က ပတ်သက်ပါဝင်ခဲ့တာလို့ ပြောထားပါတယ်။  အဲဒီသတင်းစကားကို ဟာဆီနာက သူမရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကတစ်ဆင့် သတင်းပါးခဲ့တာဖြစ်ပါတယ်လို့ သတင်းစာက ရေးသားပါတယ်။

ဒါပေမယ့် ဟာဆီနာရဲ့ သား ဆာဂျီဝါဇက်ကတော့ သူ့အမေ အဲဒီလိုစကားမျိုး ဘယ်တော့မှမပြောခဲ့ဘူးလို့ ဆိုရှယ်မီဒီယာ အိတ်စ်မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

“ ဘင်္ဂလားဒေ့ရှ်ရဲ့အနာဂတ်ကို ဘင်္ဂလားဒေ့ရှ်ပြည်သူတွေသာ ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ အဲဒီလို ကျွန်တော်တို့ရပ်တည်ပါတယ်” လို့ အိမ်ဖြူတော်က ပြောပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက်ယူနွတ်ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်ချက်နှင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျမ်းကျိန်ခဲ့ကြပါတယ်။

အစိုးရအလုပ်ရဲ့ အစိတ်အပိုင်းတော်တော်များများကို အချို့သောအုပ်စုတွေအတွက် ချန်ထားပေးတဲ့ အစိုးရရဲ့ ခွဲတမ်းကို ဆန့်ကျင်တဲ့အနေနှင့် ပြီးခဲ့တဲ့လကစပြီး ကျောင်းသားတွေဆန္ဒပြခဲ့ရာမှ ဟာဆီနာကိုဖြုတ်ချဖို့အထိ  အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သူမဟာ ဇန်နဝါရီလရွေးကောက်ပွဲမှာ စတုတ္တမြောက်သက်တမ်းအတွက် ဆက်တိုက် အနိုင်ရခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲကို အတိုက်အခံတွေက သပိတ်မှောက်ခဲ့ပြီး အမေရိကန်အစိုးရက လွတ်လပ်မျှတမှုရှိတဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

သူမဟာ ၁၅နှစ်ကြာအုပ်ချုပ်ခဲ့ရပြီးနောက် နောက်ဆုံးမှာ အိန္ဒိယသို့ထွက်ပြေးခဲ့ရပါတယ်။

Ref: Reuters