Published 14 November 2021

ရုတ်ဒ်အိုင်လန်ပြည်နယ်မှ အဘိုးအိုတစ်ဦးဟာ သူအမြဲတမ်းဖြစ်ချင်နေခဲ့တဲ့

ဘဝရည်မှန်းချက်ကို အသက် ၈၉ နှစ်အရွယ်မှာ ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

 

သူ့ဘဝတလျှောက်လုံး ရည်မှန်းခဲ့တဲ့အတိုင်း ရူပဗေဒပညာရှင်ဖြစ်လာပြီး Ph.D. ဘွဲ့ရရှိဖို့ ဆယ်သုနှစ် ၂ ခုလောက်ကြိုးစားလေ့လာခဲ့ပါတယ်။

 

မန်ဖရက်ဒ်စတိုင်နာဟာ ပရိုဗီဒန့်စ်မြို့ရှိ ဘရောင်းတက္ကသိုလ်ကနေ ဘွဲ့ရရှိကြောင်းကို အသိအမှတ်ပြုခံထားရပါတယ်။

စတိုင်နာက ဒီဘွဲ့ကိုအလွန်မြတ်နိုးတန်ဖိုးထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒါဟာ သူအမြဲတမ်းလိုချင်နေခဲ့တဲ့အရာဖြစ်ပြီး ကျန်းမာရေးပြဿနာတွေကြားကနေ ဖြတ်သန်းကျော်ဖြတ်ပြီးမှ ရလာတာကြောင့်လဲ ဖြစ်ပါတယ်။

 

"ကျွန်တော်လုပ်နိုင်ခဲ့ပြီ။ ဒီဘွဲ့ကိုရရှိလိုက်တာဟာ ကျွန်တော့်ဘဝမှာ အားရကျေနပ်မှုအဖြစ်ဆုံးပါပဲ"လို့ ပရိုဗီဒန့်စ်မြို့အရှေ့ဘက်ရှိ နေအိမ်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

 

ဗီယင်နာမြို့မှာ ဆယ်ကျော်သက်အရွယ်တုန်းက စတိုင်နာတစ်ယောက်ဟာ အယ်လ်ဘတ်အိုင်းစတိုင်းနဲ့ မက်စ်ပလန့်ခ်တို့အကြောင်း စာအုပ်တွေဖတ်ပြီး ရူပဗေဒပညာရှင်ဖြစ်လာဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ သူ့အမေနဲ့ဦးလေးဖြစ်သူတို့က ဒီလိုအချိန်မှာ ဆေးပညာသင်ယူထားတာဟာ ပိုကောင်းတယ်လို့အကြံပေးခဲ့ပါတယ်။

 

၁၉၅၅ ခုနှစ်မှာ ဗီယင်နာတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရရှိခဲ့ပြီး အဲဒီနောက်မှာတော့ အမေရိကန်ကိုပြောင်းရွှေ့ခဲ့ကာ သွေးနဲ့သွေးကြောင့်ဖြစ်တဲ့ ရောဂါတွေအကြောင်းလေ့လာရင်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

 

ဘရောင်းတက္ကသိုလ်မှာ သွေးပညာဆိုင်ရာကျွမ်းကျင်သူဖြစ်မလာခင် တက်ဖ်စ်တက္ကသိုလ်မှာ သွေးပညာဘာသာရပ်ကို သင်ယူခဲ့ကာ မတ်ဆာချူဆက်စ် နည်းပညာတက္ကသိုလ်မှာတော့ ဇီဝဓာတုပညာရပ်ကို သင်ယူလေ့လာခဲ့ပါတယ်။

မြောက်ကာရိုလိုင်နာတက္ကသိုလ်က သွေးပညာဘာသာရပ် လေ့လာရေးအစီအစဉ်တစ်ခုမှာ ပါဝင်ကူညီပေးရင်း ၂၀၀၀ ခုနှစ်မှာ ဆေးပညာလောကမှအနားယူပြီး ရုတ်ဒ်အိုင်လန်ကို ပြန်လာခဲ့ပါတယ်။

 

စတိုင်နာနဲ့ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ သူ့ဇနီးရှီလာတို့ဟာ ၁၉၆၀ မှာလက်ထပ်ခဲ့ကြပါတယ်။

သားသမီး ၂ ယောက်နဲ့ မြေး ၆ ယောက်ပိုင်ဆိုင်ထားပြီး ဒီလမှာ သူ့ရဲ့ အသက် ၉၀ နှစ်ပြည့်မွေးနေ့ရောက်ရှိလာမှာဖြစ်ပါတယ်။

စတိုင်နာက ဆေးပညာဘာသာရပ်ကို သဘောကျခဲ့ပေမယ့် ရူပဗေဒလောက်တော့ သဘောမတွေ့ခဲ့ပါဘူး။

"ဒီဘဝမှာဘယ်တော့မှ မရနိုင်တော့ဘူးလို့ တစ်ချိန်လုံးခေါင်းထဲမှာ တွေးနေခဲ့ဖူးတယ်။ ဆေးပညာတတ်မြောက်ပြီးတဲ့အချိန်မှာ ဘဝကြီးကိုအချိန်ဖြုန်းရင်း မကုန်ဆုံးချင်ဘူး။ တစ်ခုခုကို လေ့လာသင်ယူချင်တုန်းပဲ"လို့ စတိုင်နာက ဆိုပါတယ်။

 

သူအသက် ၇၀ အရွယ်မှာ ဘွဲ့ကြိုအတန်းတွေ စတင်တက်ရောက်ခဲ့ပါတယ်။

သူစိတ်ဝင်စားတဲ့ ဘာသာရပ်အနည်းငယ်ကို သင်ယူဖို့စီစဉ်နေခဲ့ပြီး ၂၀၀၇ မှာတော့ Ph.D. အတန်းလျှောက်ထားလို့ရနိုင်တဲ့ အမှတ်တွေရရှိခဲ့ပါတယ်။

စတိုင်နာက quantum mechanics အတန်းကိုတက်ရောက်စဉ် ရူပဗေဒပရော်ဖက်ဆာဘရက်ဒ်မာစ်တန်က လက်ပေါက်ကပ်တဲ့သူဖြစ်ပါတယ်။

 

မာစ်တန်က အသက် ၄၀ အရွယ်ဘွဲ့ရသင်တန်းသားတွေကို စာသင်ကြားဖူးပေမယ့် အသက် ၇၀ အရွယ်တွေကိုတော့ မသင်ဖူးသေးပါဘူး။

အဲဒီနောက်မှာတော့ သူက စတိုင်နာတစ်ယောက် ဒီဘာသာရပ်နဲ့ပတ်သက်လို့ ဘယ်လောက်အထိစိတ်ဝင်စားပြီး ဘယ်လောက်အထိကြိုးစားလဲဆိုတာကို သိခဲ့ပါတယ်။

 

"အခက်အခဲတွေတွေ့လို့ စိတ်ဓာတ်ကျပြီး ဘာမှဆက်မလုပ်ဘူးဆိုရင် ဘာအောင်မြင်မှုရမှာမဟုတ်ပါဘူး။ မန်ဖရက်ဒ်စတိုင်နာနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့အရာက သူဟာဇွဲလုံ့လရှိတဲ့သူဖြစ်ပါတယ်"လို့ မာစ်တန်က မှတ်ချက်ပြုသွားပါတယ်။

ဂင်းနစ်မှတ်တမ်းတွေအရ ၂၀၀၈ ခုနှစ်က ဂျာမနီနိုင်ငံက အသက် ၉၇ နှစ်အရွယ်အဘိုးအိုဟာ ပါရဂူဘွဲ့ရရှိခဲ့တဲ့ အသက်အကြီးဆုံးလူသားအဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။

စတိုင်နာက ပါရဂူဘွဲ့ရတွေထဲမှာ အသက်အကြီးဆုံးမဟုတ်ပေမယ့် လူအများကြားနာမည်ကျော်ကြားနေခဲ့ပါတယ်။

Source: AP News