၁၈ ဩဂုတ် ၂၀၂၄

ထိုင်းဘုရင်မင်းမြတ်က  ပါလီမန်က ရွေးကောက်လိုက်တဲ့ ပါအေတုံတန်ရှင်နာဝတ်တရာကို  ထိုင်းဝန်ကြီးချုပ်အဖြစ် ဩဂုတ် ၁၈ ရက် တနင်္ဂနွေနေ့က အတည်ပြု ပေးလိုက်ပါတယ်။ အဲဒါကြောင့် သူမဟာ လာမယ့်ရက်သတ္တပတ်တွေမှာ ဝန်ကြီးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ လမ်းပွင့်သွားပြီဖြစ်တယ်လို့ရိုက်တာကရေးပါတယ်။

ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာတဲ့ အသက် ၃၇နှစ်အရွယ် ပါအေတုံတန်ဟာ  ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်တရာရဲ့ သမီးထွေးနှင့် ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်တာဝတ်တရာရဲ့ တူမလည်းဖြစ်ပါတယ်။

ယနေ့ ဘန်ကောက်မှာပြုလုပ်တဲ့ အခမ်းအနားမှာ ပါအေတုံတန်ဟာ တရားဝင် အခမ်းအနား ဝတ်စုံကို ဆင်မြန်းထားပါတယ်။ သူမဟာ ဘရင်မင်းမြတ်ရဲ့ ရုပ်ပုံရှေ့မှာ ဒူးထောက်ပြီး အလေးအမြတ်ပြုပါတယ်။ အောက်လွှတ်တော်အတွင်းရေးမှူး အာပက် ဆူခန်နန်က ဘုရင်မင်းမြတ်ရဲ့ အတည်ပြုစာလွှာကို ဖတ်ကြားပါတယ်။

“ အုပ်ချုပ်ရေးမဏ္ဏိုင်ရဲ့ အကြီးအကဲတစ်ဦးအနေနှင့် ကျွန်မဟာ ကျွန်မရဲ့တာဝန်တွေကို အမတ်တွေနှင့်အတူ ပွင့်လင်းတဲ့ နှလုံးသားနှင့် အတူတကွဆောင်ရွက်ပါမယ်” လို့ ဝန်ကြီးချုပ်သစ် ပါအေတုံတန်ကမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ ကျွန်မတို့နိုင်ငံကို တည်တည်ငြိမ်ငြိမ်နှင့် ရှေ့ဆက်သွားနိုင်အောင် ထင်မြင်ယူဆချက်တွေအားလုံးကို ကျွန်မနားထောင်ပါမယ် လို့လည်း သူမကဆက်ပြောပါတယ်။

အစိုးရအလုပ်မလုပ်ဖူးတဲ့ ပါအေတုံတန်အနေနှင့် မျက်နှာစာအစုံရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ စီးပွားရေးတွေ အယောင်ယောင်အမှားမှားဖြစ်နေတာတွေ ၊ ဖွေထိုင်းပါတီအပေါ်လူကြိုက်များမှုကျဆင်းလာနေတာတွေနှင့် ပါတီရဲ့ အထင် ကရလုပ်ငန်းတစ်ခုဖြစ်တဲ့  ဘတ်ဘီလျံ ၅၀၀ တန် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်အစီအစဉ် မစတင်နိုင်တာတွေစသဖြင့် အများကြီး ဖြစ်ပါတယ်။

ဘုရင်မင်းမြတ်ရဲ့ အတည်ပြုခန့်အပ်မှုခံယူပြီးတဲ့နောက် ပါအေတုံတန်ဟာ ဖခင်ဖြစ်သူ သက်ဆင်နှင့် မိသားစုကို ပွေ့ဖက် လိုက်ပါတယ်။ သူမအနေနှင့် ယခင်ဝန်ကြီးချုပ် ဆာရက်သာရဲ့ မူဝါဒအားလုံးကို ဆက်လုပ်မယ်လို့လည်းပြောပါတယ်။  အစိုးရအနေနှင့် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်အစီအစဉ်ကို လက်မလွှတ်သေးကြောင်းနှင့် နောက်ထပ်‌ရွေးချယ်လုပ်ဆောင်စရာ တွေကို လေ့လာနားထောင်ဦးမယ်လို့လည်း ဆိုပါတယ်။ သူမအနေနှင့် ဖခင်သက်ဆင်ကို ဘယ်အစိုးရ ရာထူးနေရာမှ ပေးမှာ မဟုတ်ကြောင်း ဒါပေမယ့် ဖခင်ရဲ့အကြံဉာဏ်ကိုတော့ ယူမှာဖြစ်ကြောင်း ပါအေတုံတန်ကဆက်ပြောပါတယ်။

လာမယ့်လမှာ သူ့အစိုးရရဲ့ အသေးစိတ်မူဝါဒကို ထုတ်ပြန်ကြေညာပေးမယ်လို့လည်း သူမကပြောပါတယ်။

Ref: Reuters