၂၉ နိုဝင်ဘာ ၂၀၂၃

အမေရိကန် စစ်လေယာဉ် အော့စ်ပရေး လေယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ဂျပန်နိုင်ငံ ယူကူရှီမားကျွန်းအနီး သမုဒ္ဒရာထဲ ပျက်ကျသွားပြီး လေယာဉ်ပေါ် လူ (၈) ဦးလိုက်ပါသွားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ကြေညာပါတယ်။

ကမ်းခြေစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က သူတို့အနေနှင့် ပါသွားတဲ့လူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအပါအဝင် မည်သည့် အသေးစိတ်အချက်အလက်တွေ တစ်ခုမျှ မရရှိသေးဘူးလို့ ပြောပါတယ်။

စစ်လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၄၇ မိနစ်ခန့်မှာည ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ရဲ့ ဘက်ဖက်အင်ဂျင်ကနေ မီးတောက်လောင်ပြီး ပင်လယ်ထဲ ထိုးကျသွားတာတွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောတဲ့အကြောင်း အမ်ဘီစီက သတင်းပေးပို့ပါတယ်။

လေယာဉ်ဟာ ရေဒါကနေ ပျောက်သွားခဲ့တာဟာ မွန်းလွဲ ၂နာရီ ၄၀ မိနစ်ခန့်ကဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုကပြောပါတယ်။

ဩဂုတ်လတုန်းက အမေရိကန် အော့စ်ပရေးလေယာဉ်တစ်စီးဟာ ဩစတြေလျမြောက်ပိုင်းကမ်းခြေအနီးမှာ ပုံမှန်စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တပ်တွေကိုပို့ဆောင်ပေးနေစဉ်ပျက်ကျခဲ့ပြီး မရင်းတပ်သား (၃)ဦးသေဆုံးခဲ့ရပါတယ်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းအနီးမှာ အဆိုပါအမျိုးအစား လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမေရိကန်တပ်က လေယာဉ်တွေ ပျံသန်းတာယာယီရပ်တန့်ခဲ့ပါတယ်။

ရဟတ်ယာဉ်လိုရော လေယာဉ်တစ်စီးလိုပါ ပျံသန်းနိုင်တဲ့ အဆိုပါလေယာဉ်ကို အမေရိကန်မရင်းတပ်၊ အမေရိကန်ရေတပ် နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေက စီမံလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

အော့စ်ပရေးလေယာဉ်တွေ ဂျပန်မှာ နေရာချထားတာဟာ အငြင်းပွားစရာဖြစ်နေခဲ့ပါတယ်။ အဆိုပါ နှစ်မျိုးသုံးလေယာဉ်ဟာ စိတ်မချရဘူးလို့ ဝေဖန်ပြောဆိုနေခဲ့ကြပြီး အမေရိကန်နှင့်ဂျပန်စစ်တပ်နှစ်ခုစလုံးက အဲဒါကို ငြင်းဆိုထားပါတယ်။
Source Reuters
#World_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group