#World_News
Published 26 August 2024


▪️ မြောက်ကိုရီးယားတို့ရဲ့ အသေခံဖောက်ခွဲရေးဒရုန်း စမ်းသပ်မှုနဲ့ ဟန်ပြတင့်ကားတစ်စီး အပါအဝင် စမ်းသပ်ပစ်မှတ်များအား တိုက်ခိုက်ဖျက်ဆီးပုံတွေကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက ကြီးကြပ်စောင့်ကြည့်ခဲ့ကာ မောင်းသူမဲ့ယာဉ်များအတွက် ဉာဏ်ရည်တုစနစ် ထုတ်လုပ်ရန် သုတေသီများကို တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာမှ တနင်္လာနေ့မှာ ဖော်ပြလိုက်ပါတယ်။

 

▪️ ကင်မ်ဂျုံအန်းဟာ စနေနေ့က မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံ အကယ်ဒမီသို့ သွားရောက်လည်ပတ်ခဲ့ကာ ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအမျိုးမျိုးမှာ ပျံသန်းပြီးနောက် ပစ်မှတ်များကို မှန်ကန်စွာ ရှာဖွေဖျက်ဆီးနိုင်ခဲ့သည့် ဒရုန်းစမ်းသပ်မှုကို ကြည့်ရှုခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။

 

▪️ ခြေလျင်တပ်နဲ့ ရေအောက်အသေခံ ဖောက်ခွဲရေးဒရုန်းလိုမျိုး အထူးစစ်ဆင်ရေးတပ်တွေမှာ အသုံးပြုဖို့အတွက် အသေခံဖောက်ခွဲရေး ဒရုန်းတွေကို ပိုမိုထုတ်လုပ်ရန်နဲ့ ဗျူဟာမြောက် ထောက်လှမ်းရေးနဲ့ ဘက်စုံတိုက်ခိုက်ရေး ဒရုန်းများကိုလည်း ပိုမိုထုတ်လုပ်ရန် ညွှန်ကြားခဲ့ပါတယ်။

 

▪️ အသင့်ပြင်ဆင်ထားတဲ့ လက်နက်ခဲယမ်းတွေဟာဆိုရင် အမြင့်ကနေ နေရာယူနိုင်ပြီး ပစ်မှတ်မတွေ့မီကပင် တိုက်ခိုက်ရန် အသင့်ဖြစ်နေကာ ထို့နောက် တပ်ဆင်ထားတဲ့ ထိပ်ဖူးကျည်ဖြင့် ပစ်မှတ်ကို ဝင်တိုက်ဖောက်ခွဲနိုင်ပါတယ်။

 

▪️ မီဒီယာမှဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာ ဒရုန်းအမျိုးအစား အနည်းဆုံး ၄ မျိုးပါပြီး အချို့ဆိုရင် တွန်းကန်ပန်ကာ အသုံးမပြုခင်မှာပဲ ဒုံးပျံအင်ဂျင်ငယ်များဖြင့် လွှတ်တင်နိုင်ပါတယ်။
မြောက်ကိုရီးယားဒရုန်းအချို့နဲ့ ရုရှားတို့ရဲ့ ZALA Lancet ဒရုန်း၊ အီရန်ထုတ် Shahed ဒရုန်းတို့ဟာ အမြင်ပုံစံဆင်တူသလို ရှိနေကာ ဒီထက်ဆန်းစစ်ဖို့ လိုအပ်သေးတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ဆိုပါတယ်။

 

▪️ ဒီဒရုန်းတွေဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ယခင်က လဲလှယ်ခဲ့ကြတာလို့ နားလည်ထားကြောင်း၊ ဒရုန်းတွေရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာလားဆိုတာ ထပ်မံအကဲဖြတ်ဖို့ လိုအပ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

▪️ မြောက်ကိုရီးယားအနေနဲ့ အသေခံဖောက်ခွဲရေးဒရုန်းတွေကို ပထမဆုံးအနေနဲ့ စမ်းသပ်ထုတ်ဖော်ပြတာ ဖြစ်တယ်လို့ ဆိုးလ်စည်းလုံးညီညွတ်ရေးဌာနက ဆိုပါတယ်။

 

▪️ ၂၀၂၂ ခုနှစ်က မြောက်ကိုရီးယားမှ ဒရုန်းအများအပြား တောင်ဘက်သို့ ကျော်ဖြတ်လာကာ ဆိုးလ်သမ္မတရုံးဝန်းကျင် ပျံသန်းခွင့်မရှိဇုန်ထဲအထိ ရောက်ရှိခဲ့ပါတယ်။

 

▪️ တောင်ကိုရီးယားအနေနဲ့ မြောက်ဘက်ကလာတဲ့ ဒရုန်းတွေကို ပစ်ချရန် ယခုနှစ်အတွင်း လေဆာလက်နက်များ တပ်ဆင်သွားမှာဖြစ်ကာ ဆိုးလ်မြို့ရှိ မိုးမျှော်တိုက်တွေမှာ ဝေဟင်ပစ်သေနတ်တွေ တပ်ဆင်ထားမယ့် ပထမဆုံးနိုင်ငံ ဖြစ်လာမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

 

#Source: Reuters