#WorldHealth
Published 3 June 2022

 

တရုတ်နိုင်ငံမှဇီဝနည်းပညာကုမ္ပဏီ Walvax က mRNA နည်းပညာကို အသုံးပြုပြီး ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို စမ်းသပ်ထုတ်လုပ်နေပါတယ်။

 

ဒီကာကွယ်ဆေးကို အားမြှင့်ကာကွယ်ဆေး(Booster)အဖြစ် အသုံးပြုရာမှာ ဆိုင်နိုဗက်ကာကွယ်ဆေးထက် အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်နိုင်မယ့် ပဋိပစ္စည်းတုန့်ပြန်မှု ပိုမိုအားကောင်းကြောင်း လက်တွေ့စမ်းသပ်ချက်များအရသိရှိရပါတယ်။

 

Walvax မှ ထုတ်လုပ်တဲ့ ARCoV ကိုဗစ်ကာကွယ်ဆေးကို ပညာရှင်များအချင်းချင်းတိုင်ပင်ဆုံးဖြတ်ခြင်း မလုပ်ရသေးပေမယ့် တရုတ်နိုင်ငံရဲ့ကိုဗစ်ကာကွယ်ဆေးဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်လာနိုင်ပါတယ်။

 

တရုတ်ပြည်လူဦးရေ ၁.၄ ဘီလီယံရဲ့ တဝက်ကျော်လောက်က mRNA မဟုတ်တဲ့အားမြှင့်ကာကွယ်ဆေးတွေ ထိုးနှံထားရပါတယ်။

 

ဆိုင်နိုဗက် ဒါမှမဟုတ် ဆိုင်နိုဖန်ကာကွယ်ဆေးနှစ်ကြိမ်ကို လွန်ခဲ့တဲ့ ၆ လလောက်ကထိုးနှံခဲ့တဲ့သတ်လတ်ပိုင်းအရွယ်အယောက် ၃၀၀ ကို ARCoV အားမြှင့်ကာကွယ်ဆေးထိုးနှံခဲ့ရာမှာ အိုမီခရွန်ကို ကာကွယ်ပေးမယ့် ပဋိပစ္စည်းပမာဏက ဆိုင်နိုဗက်တတိယအကြိမ်ထိုးနှံတဲ့သူတွေထက် ၄.၄ ဆပိုမိုများပြားခဲ့ကြောင်း သုတေသီတိုကအင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

 

လက်တွေ့စမ်းသပ်ချက်တိုးတက်မှုများအရ ARCoV ကာကွယ်ဆေးက တရုတ်နိုင်ငံရဲ့အဆင့်မြင့်ဆုံး mRNA အမျိုးအစား ကာကွယ်ဆေးဖြစ်လာနိုင်ပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကတည်းကစမ်းသပ်မှုများ ပြုလုပ်လာရာမှာ ရောဂါဖြစ်ပွားမှုနှုန်းနဲ့ အသက်သေဆုံးမှုနှုန်းတို့ကို ဘယ်လောက်အထိကာကွယ်နိုင်စွမ်းရှိလဲဆိုတဲ့ အချက်အလက်မျိုး မတွေ့ရသေးတာကြောင့် ဒီဆေးကိုဘယ်အချိန်ကျမှ အသိအမှတ်ပြုပေးမယ်ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြပါတယ်။

 

ဆိုင်နိုဖန်နဲ့ ဆိုင်နိုဗက်တတိယအကြိမ်ထိုးနှံခြင်းထက် ပဋိပစ္စည်းထွက်ရှိမှုပိုမိုအားကောင်းကြောင်း တွေ့ရှိခဲ့ရပေမယ့် ARCoV ကို အခြားကာကွယ်ဆေးတွေနဲ့နှိုင်းယှဉ်ပြီး မစမ်းသပ်ထားပါဘူး။

 

Walvax ကုမ္ပဏီက ARCoV ကာကွယ်ဆေးကိုထုတ်လုပ်ရာမှာ Suzhou Abogen Bioscience, Academy of Military Medical Science တို့နဲ့ ပူးပေါင်းဆောင်ရွက်နေသလို အခြား mRNA ကာကွယ်ဆေးထုတ်လုပ်ဖို့ကိုလည်း ရှန်ဟိုင်းအခြေစိုက် RNACure ကုမ္ပဏီနဲ့ လက်တွဲထားပါတယ်။

 

ဆိုင်နိုဖန်နဲ့ဆိုင်နိုဗက်တိုကလည်း အိုမီခရွန်အထူးပြုကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေကြပါတယ်။

 

Source: Reuters
#Yangon_Media_Group