#WorldHealth

Published - 13 November 2021

ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ရာမှာ ထိရောက်စွာအသုံးပြုနိုင်မယ့် Merck ကုမ္ပဏီကထုတ်လုပ်တဲ့ Molnupiravir ကိုဗစ်ကုသရေးသောက်ဆေးကို ဘင်္ဂလာဒေ့ရှ်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက အမှတ်တံဆိပ်မတပ်ထားတဲ့ ပထမဦးဆုံးမူရင်းထုတ်ကုန်အဖြစ် မကြာခင်ရောင်းချသွားဖွယ်ရှိပါတယ်။

နိုင်ငံတကာကိုတင်ပို့ဖို့ တာဝန်ရှိသူတွေထံမှ ခွင့်ပြုချက်မယူရသေးခင်မှာ Beximco ဆေးဝါးကုမ္ပဏီက ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း molnupiravir မူရင်းဆေးဝါးထုတ်ကုန်ကို ရောင်းချသွားမှာဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့က ပြောသွားပါတယ်။

ဒီသောက်ဆေး မူရင်းထုတ်ကုန်ကို ဘင်္ဂလာဒေ့ရှ်မှ ဆေးဝါးဆိုင်ရာတာဝန်ရှိသူတွေက အသုံးပြုခွင့်ပြုထားပြီဖြစ်ပါတယ်။Beximco က ရောင်းချမယ့် မူရင်းဆေးဝါးထုတ်ကုန်တွေဟာ အမှတ်တံဆိပ်နဲ့ရောင်းချတဲ့ ဆေးဝါးတွေထက် ဈေးသက်သာမှာဖြစ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ရောဂါကုသနိုင်ဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့အပတ်မှာ ဗြိတိန်ပြည်ထောင်စုက Molnupiravir ကို ပထမဆုံးအနေနဲ့ အသိအမှတ်ပြုလိုက်ပြီဖြစ်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာတော့ စောင့်ကြည့်လေ့လာနေဆဲဖြစ်ပါတယ်။

"ဒီ Molnupiravir မူရင်းဆေးထုတ်ကုန်ဟာ ကပ်ရောဂါကိုတိုက်ဖျက်ရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်လာမှာဖြစ်ပြီး ကာကွယ်ဆေးခွဲဝေရရှိမှုနည်းပါးတဲ့ နိုင်ငံတွေမှာ အလွန်အသုံးဝင်လာမှာဖြစ်ပါတယ်"လို့ Beximco မှ ဦးဆောင်ညွှန်ကြားရေးမှူး Nazmul Hassan က ဖော်ပြထားပါတယ်။

ဆေးတစ်တောင့်ကို အများဆုံး ၀.၈၂ ဒေါ်လာ၊ ဆေးတစ်စုံလုံးကိုတော့ ၃၃ ဒေါ်လာဖြင့် ရောင်းချသွားမှာဖြစ်ပြီး ဒီထက်ဈေးလျှော့ချနိုင်ဖို့လည်း ရှိတယ်လို့ Beximco မှ ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။ အမေရိကန်အစိုးရက Molnupiravir ဆေးတစ်စုံကို ဒေါ်လာ ၇၀၀ ဖြင့် ဝယ်ယူသွားမှာဖြစ်ပြီး အာရှနိုင်ငံအများစုကတော့ သက်သာတဲ့ဈေးနှုန်းတဲ့ဝယ်ယူဖို့ သဘောတူညီချက် ရရှိထားပါတယ်။

ကိုဗစ်ရောဂါကိုတိုက်ဖျက်ဖို့ အချို့ကုမ္ပဏီတွေက ကာကွယ်ဆေးတွေအပြင် ဆေးဝါးတွေကိုလည်း အပြိုင်အဆိုင်ထုတ်လုပ်နေကြပါတယ်။ဒါပေမဲ့ အလွယ်တကူသောက်သုံးနိုင်မယ့် သောက်ဆေးတွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အနည်းငယ်သာရှိပါတယ်။

ပြီးခဲ့တဲ့လကသုံးသပ်ခဲ့တဲ့ အချက်အလက်တွေအရ Molnupiravir ဆေးဟာ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုနဲ့ ဆေးရုံတက်ကုသရမှုတွေကို တဝက်အထိလျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ရတာကြောင့် သေချာစောင့်ကြည့်နေခဲ့ကြပါတယ်။

Beximco ကုမ္ပဏီဟာ Merck နဲ့ သဘောတူညီချက် မယူရသေးပေမယ့် တစ်ကမ္ဘာလုံးညီတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခံစားသင့်တဲ့စည်းမျဉ်းတွေအရ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ကိုဗစ်ကုသရေးသောက်ဆေးတွေကို ရောင်းချလို့ရမှာဖြစ်ပါတယ်။

ထိုစည်းမျဉ်းအရ Beximco ကုမ္ပဏီဟာ အနောက်နိုင်ငံအများစုမှာတော့ ရောင်းချခွင့်ရမှာမဟုတ်ဘဲ ဆင်းရဲတဲ့နိုင်ငံတွေကိုသာ မူရင်းဆေးထုတ်ကုန်တွေကို ရောင်းချခွင့်ရှိမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ဘင်္ဂလာဒေ့ရှ်မှာ ကိုဗစ်ရောဂါကူးစက်မှုတွေ နည်းပါးနေပေမယ့်လည်း Beximco ကုမ္ပဏီက Molnupiravir မူရင်းဆေးထုတ်ကုန်တွေကို အမြတ်ငွေရဖို့အတွက် ဈေးတင်ရောင်းချသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Source: CNA