၂၃ အောက်တိုဘာ ၂၀၂၄
တက္ကဆပ်ပြည်နယ်ရဲ့ ရှေ့နေချုပ် ကင်ပက်တွန်က အချို့သော မှတ်ပုံတင်ထားတဲ့မဲဆန္ဒရှင်တွေရဲ့ နိုင်ငံ သားဖြစ်မှုအခြေအနေကို ကူညီပံ့ပိုးမှုမလုပ်လို့ဆိုပြီး သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရကို အင်္ဂါနေ့က တရားစွဲဆိုလိုက် ပါတယ်။
တက္ကဆပ်ပြည်နယ် အနောက်ပိုင်းဒိစတြိတ် တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး ဘိုင်ဒင်အစိုးရ အထူးသဖြင့် ပြည်တွင်းလုံခြုံရေးဌာနဟာ အချို့သော မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေရဲ့ နိုင်ငံသားဖြစ်မှုအခြေ အနေသတင်းအချက်အလက်တွေပေးဖို့ ပြည်နယ်က တောင်းဆိုထားတဲ့အပေါ် ဘာမှမတုန့်ပြန် မကူညီတဲ့ အတွက် ယခုလိုတရားစွဲလိုက်တာလို့ဆိုပါတယ်။
တက္ကဆပ်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၁၇.၉ သန်းထဲမှာ လူပေါင်း လေးသိန်းခွဲရဲ့ နိုင်ငံသား ဖြစ်မှုအခြေအနေကို ပြည်နယ်ကသိလိုတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ် ရွေးကောက်ပွဲတွေမှာ နိုင်ငံသားမဟုတ်သည့်သူတွေ မဲပေးခြင်းဟာ တရား မဝင်ပါဘူး။ အဲသလို တရားမဝင်မဲပေးမှုအချို့ကို ပြည်နယ်နှင့် ပုဂ္ဂလိက သုံးသပ်လေ့လာသူတွေက တွေ့ရှိ ထားခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာလ ၅ ရက်ရွေးကောက်ပွဲမှာ နိုင်ငံသားမဟုတ်တဲ့သူတွေ အများကြီး မဲလာပေးနိုင်တယ်လို့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် သူ့ရဲ့ မဟာမိတ်တွေက စောဒက တက်ထားကြပါတယ်။
ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်အပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက ဘာမှမတုန့်ပြန်သေးဘူး လို့သတင်းကရေးသားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ရတာဟာ ဘိုင်ဒင်တို့က မဲမသမာမှုအများအပြားလုပ်ခဲ့တာကြောင့်လို့ ထရမ့်က အမြဲပြောနေခဲ့ပါတယ်။
တက္ကဆပ်ပြည်နယ် ရှေ့နေချုပ် ပက်တွန်ရဲ့ရုံးက အောက်တိုဘာ ၁၉ရက်အထိနောက်ဆုံးထား မှတ်ပုံတင် ရမယ့် မဲဆန္ဒရှင်စာရင်းထဲမှာ တရားမဝင်မှတ်ပုံတင်ထားသူတွေရှိကောင်းရှိလိမ့်မယ်ဆိုပြီး အဲဒီလူပေါင်း လေးသိန်းခွဲဟာ အမေရိကန်နိုင်ငံသားဟုတ်မဟုတ် အကြောင်းပြန်ပေးဖို့ အမေရိကန်အစိုးရကို ယခု လစောစောပိုင်းက စာပို့ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ဒင်အစိုးရက ဘာတစ်ခုမှမတုန့်ပြန်ခဲ့ပါဘူး။
“ စာရင်းမှာပါတဲ့ မဲဆန္ဒရှင်အများစုဟာ မဲပေးခွင့်ရှိတဲ့ အမေရိကန်နိုင်ငံသားတွေဖြစ်ဖို့များပါတယ်။ ဘာ သတင်းအချက်အလက်မှထပ်မရဘဲနှင့် တက္ကဆပ်ပြည်နယ်အနေနှင့် စာရင်းပါတွေထဲမှာ ဘယ်သူတွေ ဟာ မဲပေးခွင့်မရှိကြတဲ့ နိုင်ငံသားမဟုတ်သူတွေဆိုတာကို ဘယ်လိုမှသိနိုင်မှာမဟုတ်ဘူး” လို့ ရှေ့နေချုပ် ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Ref: Reuters