၁၉ နိုဝင်ဘာ ၂၀၂၄

ယူကရိန်းက အမေရိကန်ရဲ့ တာဝေးပစ်  ATACMS  ဒုံးကျည်တွေနှင့် ရုရှားရဲ့ နယ်မြေကို စစ်ပွဲရက် တစ်ထာင်ပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားတွင် နျူကလီးယား ဒဏ်ခံ ရွှေ့ပြောင်းနိုင်တဲ့ ခိုလှုံအဆောက်အအုံတွေကို အကြီးအကျယ်စတင်ထုတ်လုပ်နေပြီလို့ ရိုက်တာ သတင်းများအရသိရပါတယ်။

ယူကရိန်းက  ATACMS ဒုံးကျည် ၆ စင်းနှင့် ရုရှားရဲ့ ဘယန့်ဒေသက စစ်ဘက်ဆိုင်ရာ အဆောက်အအုံကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ငါးစင်းကို ရုရှားတို့ကပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တစ်စင်းရဲ့ အပျက်အစီးအစတွေ က အဆောက်အအုံကိုထိမှန်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူမရှိဘူးလို့ ရုရှားကပြောပါတယ်။

ယူကရိန်းကလည်း သူတို့ဟာ ရုရှားရဲ့ အတွင်းဖက် မိုင် ၇၀ခန့်မှာရှိတဲ့ ရုရှားရဲ့ လက်နက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ထုတ်ဖော်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပြီးနောက် ရုရှားက  နျူကလီးယားပေါက်ကွဲမှုမှထွက်လာတဲ့ လှိုင်းတိုနှင့် ဓာတ်ရောင် ခြည်တွေအပါအဝင် အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကို ကာကွယ်ပေးနိုင်မယ့် နျူကလီးယား ဒဏ်ခံ အဆောက်အဦ KUB-M shelterတွေကို ထုတ်လုပ်နေတယ်လို့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

KUB-M ဟာ သင်္ဘောကွန်တိန်နာပုံမျိုးဖြစ်ပြီး အထဲမှာ အခန်းနှစ်ခန်းပါဝင်ပါတယ်။ လူ ၅၄ ဦးခိုလှုံနိုင်တဲ့ အခန်းနှင့် နည်းပညာအခန်းတို့ဖြစ်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေနှင့် ရုရှားနိုင်ငံအတွင်းထဲထိ တိုက်ခိုက်နိုင်ဖို့ ယူကရိန်းကိုခွင့်ပြုခဲ့ပြီးနောက် အဆိုပါတိုက်ခိုက်မှုစတင်လာတာပါ။

ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကလည်း နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့မှာ  ရုရှားရဲ့ နျူကလီးယားလက်နက် တွေ အသုံးပြုခွင့်ပေးရမယ့် အခြေအနေတွေရဲ့ အဆင့်ကိုထပ်မံလျှော့ချတာကို အတည်ပြုပေးခဲ့ပါတယ်။

အဲဒီနောက်ဆုံးအဆင့်သတ်မှတ်ချက်အရ ရုရှားဟာ အောက်ဖော်ပြပါအခြေအနေတွေတစ်ခုခုမှာ နျူကလီးယားခလုတ်နီကိုနှိပ်ခွင့်ရှိတော့မှာဖြစ်ပါတယ်။

  • ရုရှား ဒါမှမဟုတ်ဘီလာရုစ်ရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့မှုအပေါ် အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်အောင် အစဉ်အလာလက်နက်တွေနှင့်တိုက်ခိုက်ခံရသည့်အခြေအနေ
  • လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွက် မဟာဗျူဟာနှင့်နည်းဗျူဟာမြောက် စစ်လေယာဉ်များ ။ ခရုဒုံးကျည်များ၊မောင်းသူမဲ့ ယာဉ်များ၊ ဟိုက်ပါဆိုနစ်နှင့်အခြားစနစ်များဖြင့် အကြီးအကျယ် တိုက်ခိုက်မှုကြီးတစ်ခုနှင့်ပတ်သက်သည့် စိတ်ချယုံကြည်ရသည့် သတင်းအချက်အလက်ရရှိသည့် အခြေအနေ
    Source : agaencies