၂၃ နိုဝင်ဘာ ၂၀၂၄

သူမအသတ်ခံရရင် သမ္မတ ဖာဒီန်မားကိုစ်ဂျုနီယာကို ပြန်လုပ်ကြံသတ်ဖြတ်ခိုင်းမယ်လို့  ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာ ဒူတာတီးက ပြောကြားလိုက်ပါတယ်။ အဲသလိုပြောကြားပြီးတဲ့နောက် ဖိလစ်ပိုင် လုံခြုံရေး အေဂျင်စီတွေဟာ သမ္မတရဲ့ လုံခြုံရေးကို တိုးမြှင့်လိုက်ရပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတ မားကို့စ်ဂျူနီယာနှင့် ဒုသမ္မတ ဆာရာဒူတာတီးတို့အကြား အကွဲအပြဲတွေဖြစ်နေခဲ့ တဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ယခုပြောကြားချက်ဟာ သိသာထင်ရှားတဲ့ အကွဲအပြဲတစ်ခုကို ထင်ဟပ်ခဲ့တာဖြစ်ပါတယ်။

ဒုသမ္မတ ဆာရာဒူတာတီးက သူမသာအသတ်ခံရရင် မားကို့စ်၊ သူ့ဇနီးနှင့် ဖိလစ်ပိုင်အောက်လွှတ်တော် အမတ်တို့ကို သတ်ပစ်ဖို့ လုပ်ကြံမည့်သူတစ်ဦးကို သူမညွှန်ကြားထားပြီးဖြစ်တယ်လို့ သတင်းစာ   ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“ ကျွန်မ တစ်ယောက်ကိုပြောထးတယ်။ ကျွန်မအသတ်ခံရရင် ဘီဘီအမ်(မားကို့စ်) လီဇာအာရင်တာ (သမ္မတကတော်)နှင့် မာတင်ရိုမူဒက်ဇ်( လွှတ်တော်ဥက္ကဋ္ဌ)တို့ကို သတ်ဖို့ ပြောထားတယ်။ နောက်တာ မဟုတ်ဘူးနော်၊ နောက်တာမဟုတ်ဘူး” လို့ ဒုသမ္မတ ဒူတာတီးကပြောပါတယ်။

သူမအနေနှင့် အန္တရာယ်ကင်းအောင်နေဖို့နှင့် ရန်သူရဲ့ပိုင်နက်ထဲ သူမရောက်နေတယ်လို့ အွန်လိုင်းဝေဖန် သူတစ်ဦးက ပြောကြားပြီးနောက် ဒူတာတီးက ယင်းကဲ့သို့တုန့်ပြန်ပြောကြားခဲ့တာပါ။

သမ္မတလုံခြုံရေးအဖွဲ့က သမ္မတရဲ့လုံခြုံရေးကိုတိုးမြှင့်ထားလိုက်ပြီး သမ္မတနှင့်သူ့မိသားစုအပေါ် မည်သည့် ခြိမ်းခြောက်မှုမျိုးမဆို တားဆီးဟန့်တားမယ်လို့ပြောပါတယ်။