၁၄ ဩဂုတ် ၂၀၂၄

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက စက်တင်ဘာလမှာ သူဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်မယ်လို့ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးအရှုပ်တော်ပုံတွေနှင့်ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်ကာလ သုံးနှစ် အဆုံးသတ်မှာဖြစ်ပြီး ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကို ရင်ဆိုင်ဖြေရှင်းရတော့မယ့် ဝန်ကြီးချုပ်အသစ်တစ်ဦးအတွက် လမ်းဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်လို့ ရိုက်တာကရေးပါတယ်။

“ ပြည်သူ့ယုံကြည်မှုမရှိဘဲ နိုင်ငံရေးဟာ အလုပ်မဖြစ်ဘူး” လို့ ယနေ့ ဩဂုတ် ၁၄ရက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက ပြောကြားပါတယ်။ သူ့အနေနှင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်အဖြစ် ပြန်ရွေးဖို့ မလုပ်တော့ဘူးလို့ သူက ကြေညာပါတယ်။

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အငြင်းပွားစရာဖြစ်နေတဲ့ ယူနီဖီကေးရှင်းဘုရားကျောင်း အဆက်အသွယ်ရှိ နေတာတွေနှင့် ရန်ပုံငွေပွဲတွေတုန်းကရရှိတဲ့ ပါတီအတွက် နိုင်ငံရေးအလှူငွေတွေကို စာရင်းမှတ်တမ်း မထားရှိတာတွေကြောင့် သူ့အပေါ်လူထူယုံကြည်ထောက်ခံမှုကျဆင်းနေတာဖြစ်ပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဂျပန်နိုင်ငံအတွက် ကာကွယ်ရေးအသုံးစရိတ်နှစ်ဆသုံးခဲ့ပြိး စစ်တပ်ကို အကြီးကျယ် ဆုံးတည်ဆောက်နေပါတယ်။

သူဟာ အမေရိကန်က တို့ပေးဆွပေးတဲ့အတွက် ဆက်ဆံရေးကျဲနေတဲ့ တောင်ကိုရီးယားနှင့်လည်း ပြန်လည်သင့်မြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီနှစ်နိုင်ငံဟာ  မဟာမိတ်အမေရိကန်နှင့်အတူ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ပူးပေါင်းခဲ့ကြပါတယ်။

“ ဝန်ကြီးချုပ် ကီရှီဒါရဲ့ တည်ကြည်ခိုင်မြဲတဲ့ ဦးဆောင်မှုအောက်မှာ ဂျပန်နှင့်အမေရိကန်နိုင်ငံတွေဟာ  မဟာမိတ်ဆက်ဆံရေး ခေတ်သစ်တစ်ခု ရောက်ရှိခဲ့ပါတယ်” လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရမ်အီမန်နျူယယ်က တွစ်တာ(အိတ်စ်ခ)မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

Ref : Reuters