#WorldHealth

Published 31 December 2021

 

တိုကျိုမှ သုတေသနပညာရှင်များက ကိုဗစ်ရောဂါကို ဘဝတလျှောက်လုံးကာကွယ်ပေးနိုင်မယ့် Dream ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး ကိုဗစ်ရောဂါတိုက်ဖျက်ရေးမှာ ကြီးမားတဲ့အပြောင်းအလဲဖြစ်လာနိုင်ချေ ရှိနေပါတယ်။

 

လက်ရှိကိုဗစ်ကာကွယ်ဆေးအများစုဟာ အချိန်ကြာလာတဲ့အခါ ထိုးနှံသူရဲ့ antibody ပမာဏလျော့နည်းလာတာကြောင့် အချိန်ကာလအပိုင်းအခြားအလိုက် booster အားမြှင့်ကာကွယ်ဆေးတွေ ထပ်မံထိုးသွင်းဖို့လိုပါတယ်။

 

ဘဝတစ်သက်တာလုံးအတွက် ကိုဗစ်ရောဂါကာကွယ်ပေးနိုင်မယ့်ဆေးကိုသာ တီထွင်နိုင်ပါက စီးပွားရေးအကုန်အကျသက်သာသွားမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို လက်ဦးအောင် ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။

 

တိုကျိုဆေးသိပ္ပံတက္ကသိုလ်မှ မီချီနိုရီကိုဟာရာက အရင်က ကျောက်ရောဂါကို အမြစ်ဖြတ်ဖယ်ရှားနိုင်ခဲ့တဲ့ ကျောက်ရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်ဖော်ခဲ့တဲ့အတိုင်း ကိုဗစ်ကာကွယ်ဆေးကို ထုတ်ဖော်နိုင်ဖို့ စဉ်းစားသုံးသပ်ခဲ့ပါတယ်။

 

ကိုဟာရာက ကျောက်ရောဂါကာကွယ်ဆေးမှာ ပါဝင်တဲ့ပစ္စည်းကို ဆယ်စုနှစ် ၃ ခုတိုင်အောင် လေ့လာလုပ်ကိုင်နေခဲ့ပြီး ကာကွယ်ဆေးက ဘဝတလျှောက်လုံး ရောဂါကာကွယ်နေနိုင်အောင် လုပ်ပေးနိုင်တာကို ကြိုတင်သိရှိခဲ့ပါတယ်။

 

၂၀၂၀ ဧပရယ်မှာ ကိုဟာရာက ကိုဗစ်ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ စပိုက်ပရိုတိန်းပါဝင်တဲ့ ဗက်စီနီယာဗိုင်းရပ်စ်ပိုးကို ထုတ်လုပ်နေခဲ့ပါတယ်။ဖိုင်ဇာ-ဘိုင်အိုတက်ခ်၊ မိုဒါနာတိုက ထုတ်လုပ်တဲ့ mRNA ကာကွယ်ဆေးတွေဟာ ရောဂါပြင်းထန်ဆိုးရွားမှုနဲ့ အသက်သေဆုံးမှုနှုန်းကို ကာကွယ်ပေးပေမယ့် ကာကွယ်ဆေးထိုးပြီး ၆ လကြာတဲ့အခါ antibody ပမာဏသိသိသာသာ ကျဆင်းတာကြောင့် booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

 

ကိုဟာရာဦးဆောင်ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကတော့ ကာကွယ်ဆေးထိုးပြီးတစ်ပတ်အတွင်း antibody ထွက်ရှိလာကာ အခြားကာကွယ်ဆေးတွေထက် ခုခံအားသိသိသာသာ ကောင်းလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

"အခြားကာကွယ်ဆေးထုတ်လုပ်နည်း အမျိုးမျိုးနဲ့ စမ်းသပ်ကြည့်ပြီးပါပြီ။ ဗက်ဆီနီယာဗိုင်းရပ်စ်ကိုအသုံးပြုတဲ့ ကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုးပိုနည်းပြီး အထိရောက်ဆုံးဖြစ်ပါတယ်။ antibody နဲ့ တသက်တာကြာရှည်ခံမယ့် ခုခံအားတွေကို ထုတ်လုပ်ပေးနိုင်မှာပါ။ အဲဒီကာကွယ်ဆေးကို တစ်ကြိမ်ထိုးနှံပါက လပေါင်း ၂၀ ကြာ ထိရောက်နေနိုင်မှာဖြစ်ပြီး အဲဒီလိုထိရောက်မှုမျိုး အခြားကာကွယ်ဆေးတွေမှာ မတွေ့ရပါဘူး" လို့ ကိုဟာရာ The Japan Times နဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

 

Nobelpharma ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီက ကိုဟာရာရဲ့ကာကွယ်ဆေးပထမအဆင့်နဲ့ ဒုတိယအဆင့်တို့ကို ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း စမ်းသပ်ခံမယ့် လူ ၁၅၀ မှ ၂၀၀ ဦးမှာ စမ်းသပ်သွားဖို့ စီစဉ်ထားပါတယ်။ကာကွယ်ဆေးရဲ့ လုံခြုံစိတ်ချရမှုကို အတည်ပြုနိုင်ပြီဆိုပါက ၂၀၂၄ မှာ ဖြန့်ချီထုတ်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။

 

ဘေးထွက်ဆိုးကျိုးမထွက်တဲ့ ကာကွယ်ဆေးမရှိဘူးဆိုပေမယ့် ဗက်ဆီနီယာဗိုင်းရပ်စ်က ထုတ်တဲ့ကာကွယ်ဆေးကတော့ အခြားကိုဗစ်ကာကွယ်ဆေးတွေထက်စာရင် ဘေးထွက်ဆိုးကျိုးပိုနည်းနိုင်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအားလုံးအတွက် ကိုဟာရာရဲ့ ဗက်စီနီယာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်ခုတည်းနဲ့ ထိရောက်စွာကာကွယ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

 

ဒီကာကွယ်ဆေးကို အခန်းအပူချိန်နဲ့ ခြောက်သွေ့တဲ့နေရာမှာ ကြာရှည်ထိန်းသိမ်းနိုင်မှာဖြစ်တဲ့အတွက် အပူပိုင်းရာသီဥတုရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ပါ အကျိုးရှိလာနိုင်ပါတယ်။

 

Source: Japan Times

#Yangon_Media_Group