Published: 22 Nov 2021

ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ CureVac ကရူးယားဗက်ခ်က သူတို့ရဲ့ ဒုတိယမျိုးဆက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို  လာယ့် လအနည်းငယ်အတွင်းမှာ လူသားနှင့်သုတေသနစမ်းသပ်မှုတွေ စတင်တော့မယ်လို့ ကုမ္ပဏီကပြောပါတယ်။

ကြာသပတေးနေ့ကထုတ်ဝေခဲ့သော ကုမ္ပဏီရဲ့ သတင်းအချက်အလက်တွေထဲမှာ သူတို့ရဲ့ နောက်မျိုးဆက်သစ် ကိုဗစ်ကာကွယ်ဆေး CV2CoV ကို မျောက်တွေနှင့် စမ်းသပ်တဲ့အခါ ရောဂါဖြစ်စေသောပစ္စည်းတွေကို ခုခံနိုင်တဲ့ neutralising antibodies တွေ ထွက်ရှိတယ်လို့ ပြသပါတယ်။ အဲဒီရလဒ်ဟာ ဖိုင်ဇာရဲ့ အတည်ပြုပြီးသား ကာကွယ်ဆေးနှင့် နှိုင်းယှဉ်လို့ ရနိုင်ပါတယ်။ အကျိုးအာနိသင်ဟာလည်း ကုမ္ပဏီရဲ့ ပထမမျိုးဆက်ထက် ပိုပြီးမြင့်မားတယ်လို့ဆိုပါတယ်။

CureVac ဟာ အောက်တိုဘာလတုန်းက သူတို့ရဲ့ ပထမမျိုးဆက်ကိုဗစ်-၁၉ စမ်းသပ်ကာကွယ်ဆေး CVnCoV ကို လက်လျှော့ခဲ့ပါတယ်။ ဂျီအက်စ်ကေနှင့်တွဲဖက်ပြီး အမ်အာရ်အင်န်အေ ကာကွယ်ဆေးနည်းပညာတိုးတက်မှုဖက်ကို အာရုံစိုက်ခဲ့ ဆောင်ရွက်ဖို့အတွက်ဖြစ်တယ်လို့ပြောပါတယ်။

အဲဒီအပြင် ဇွန်လမှာပြုလုပ်ခဲ့တဲ့ နောက်ပိုင်းအဆင့် စမ်းသပ်မှုအရ အာနိသင်က ၄၇ ရာခိုင်နှုန်းပြသပြီးနောက် သူတို့ဟာ ဥရောပဆေးဝါးအေဂျင်စီထံ ခွင့်ပြုချက်တောင်းခံခဲ့တာကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အဲဒါကြောင့် ဥရောပသမဂ္ဂကို ကာကွယ်ဆေးရောင်းချမယ့် သဘောတူညီချက်ကလည်း အဆုံးသတ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးထုတ်လုပ်ဖို့ ဥရောပသမဂ္ဂကပေးထားတဲ့ ယူရိုငွေ သန်း၄၅၀ကိုတော့ သူတို့ပြန်ပေးရလိမ့်မယ်လို့ မမျှော်လင့်တဲ့အကြောင်း  CureVac က ပြောပါတယ်။

စက်တင်ဘာ ၃၀ရက်အထိ ကုမ္ပဏီမှာ ယူရို၁.၀၆ ဘီလျံ ငွေသားရှိနေပြီး ပထမမျိုးဆက်ကိုဗစ်-၁၉ စမ်းသပ်ကာကွယ်ဆေး ပြန်လည်ရုပ်သိမ်းလိုက်တာနှင့်ဆက်စပ်တဲ့ ပေးသွင်းသူဆိုင်ရာကတိကဝတ်ကို ဆက်လက်ဆောင်ရွက်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Source: Reuters