#World_News
Published 04 March 2025
▪️ ပြီးခဲ့တဲ့သီတင်းပတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီတို့ အချေအတင်ဖြစ်ခဲ့ပြီးနောက်မှာ ယူကရိန်းကို စစ်ရေးအကူအညီ ထောက်ပံ့ခြင်း အမေရိကန် ရပ်ဆိုင်းလိုက်ပြီလို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသွားပါတယ်။
▪️ ဒီအတွက် အရင်က မိတ်ဖက်များဖြစ်ခဲ့ကြတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးအက်ကွဲကြောင်း ပိုမိုနက်ရှိုင်းလာတဲ့သဘော မြင်တွေ့လာရပါတယ်။
▪️ "သမ္မတထရမ့်က ငြိမ်းချမ်းရေးရဖို့ရာ အာရုံစိုက်လုပ်ဆောင်နေတာ အရှင်းသားတွေ့နေရပါတယ်။ မိတ်ဖက်များအနေနဲ့လည်း ဒီရည်မှန်းချက်အတိုင်း စိတ်ပိုင်းဖြတ်လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဖြေရှင်းဆုံးဖြတ်ချက်တစ်ခု သေချာပေါက်ရရှိဖို့အတွက် အထောက်အပံ့များကို ရပ်ဆိုင်းထားပြီး ပြန်လည်သုံးသပ်နေပါတယ်" လို့ အမည်မဖော်လိုသူ အရာရှိက တနင်္လာနေ့မှာ ပြောပြပါတယ်။
▪️ အထောက်အပံ့တွေ ဘယ်လောက်အတိုင်းအတာအထိ ရပ်ဆိုင်းမလဲ၊ ဘယ်လောက်ကြာမလဲဆိုတာတော့ မပြောထားပါဘူး။
▪️ ယူကရိန်းသမ္မတရုံးနဲ့ ဝါရှင်တန်ရှိ ယူကရိန်းသံရုံးတို့က ဒါနဲ့ပတ်သက်ပြီး ပြန်လည်ပြောကြားခြင်း မရှိသေးပါဘူး။
▪️ ထရမ့်သမ္မတတာဝန် ယူချိန်ကစပြီး ယူကရိန်းနဲ့ ရုရှားအပေါ်ထားတဲ့ အမေရိကန်မူဝါဒ ဆန့်ကျင်ဘက်ဖြစ်သွားကာ ရုရှားအတွက် ပြေရာပြေကြောင်းပုံစံ ကျင့်သုံးလာတဲ့ အနေအထားမှာ အခုလို အကူအညီ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
▪️ ဇယ်လန်စကီဟာ ရုရှားနဲ့စစ်ပွဲအတွက် အမေရိကန်မှ ထောက်ပံ့ကူညီခဲ့တဲ့အပေါ်ကျေးဇူးမသိဘူးလို့ ထရမ့်က ဝေဖန်ခဲ့ပါသေးတယ်။
▪️ စစ်ပွဲအဆုံးသတ်ရေးက အလှမ်းဝေးလွန်းနေတယ်လို့ ဇယ်လန်စကီပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကားက ဒီထက်ပိုပြီး သည်းခံမှာမဟုတ်ဘူးလို့ ထရမ့်က Truth Socialမှာ ဖော်ပြထားပါတယ်။
▪️ ယူကရိန်းနဲ့ ပတ်သက်လို့ စိတ်ပျက်နေပေမယ့် ယူကရိန်း တွင်းထွက်သတ္တုပစ္စည်းများ ရင်းနှီးမြှုပ်နှံရေးကတော့ သဘောတူညီမှု ရနိုင်သေးတယ်လို့ ဆိုပါတယ်။
▪️ ရုရှားတို့ ယူကရိန်းကို လွန်ခဲ့တဲ့ ၃ နှစ်က ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်မှ ယူကရိန်းကို ဘဏ္ဍာရေးနဲ့ စစ်ရေးအကူအညီ ပေးခဲ့သမျှအတွက် သတ္တုပစ္စည်းကိစ္စကနေ ဒေါ်လာဘီလီယံချီပြန်ရယူမယ့် နည်းလမ်းအဖြစ် အမေရိကန်အစိုးရက ရှုမြင်ထားပါတယ်။
▪️ စစ်ပွဲကာလအတွင်း အမေရိကန်လွှတ်တော်က ယူကရိန်းထောက်ပံ့ရေးအတွက် စုစုပေါင်း ဒေါ်လာ ၁၇၅ ဘီလီယံ ခွင့်ပြုပေးကမ်းထားပါတယ်။
#Source: Reuters