#World_Health
Published 20 April 2025

▪️ လူသုံးအများဆုံး သကြားအစားထိုးအမှုန့်တစ်မျိုးဖြစ်တဲ့ ဆူခရယ်လို့စ်က ဆာလောင်မှုကိုထိန်းချုပ်ဖို့ တာဝန်ရှိတဲ့ ဦးနှောက်အစိတ်အပိုင်းတစ်ခုကို နှောင့်ယှက်စေတယ်လို့ သုတေသနအသစ်မှာ ယူဆလာပါတယ်။

▪️ ကယ်လိုရီမတက်စေဘဲ အချိုဓာတ်ရရှိအောင် အသုံးပြုကြတဲ့ သကြားအစားထိုးအမှုန့်တွေက ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက် ထိရောက်မှုရှိလားဆိုတာကို မေးခွန်းထုတ်လာကြပါတယ်။

▪️ အမေရိကန်နှလုံးအဖွဲ့အစည်း အကြံပြုချက်အရ အမျိုးသားတွေအနေနဲ့ တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ၉ ဇွန်းထက်မပိုအောင်၊ အမျိုးသမီးတွေ ၆ ဇွန်းထက်မပိုအောင် စားသုံးသင့်ပါတယ်။

▪️ ဒီထက်ပိုများရင်တော့ ကယ်လိုရီများလာပြီး ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။

▪️ ဆိုဒါတွေ၊ မုန့်ဖုတ်ပစ္စည်းတွေ၊ ပီကေတို့မှာပါဝင်တဲ့ ဆူခရယ်လို့စ်ဟာ သကြားထက် အဆ ၆၀၀ လောက်ပိုချိုပါတယ်။

▪️ ဆောက်သမ်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက စမ်းသပ်ခံ ၇၅ ဦးကို ဆူခရယ်လို့စ်ပါဝင်တဲ့ အချိုရည်နဲ့ သကြားပါဝင်တဲ့ အချိုရည်တို့ကို မတူညီတဲ့အချိန်တွေမှာ သောက်သုံးခိုင်းပြီး လေ့လာခဲ့ကြပါတယ်။

▪️ တစ်ခါသောက်ပြီးတိုင်းနဲ့ မသောက်ခင်တို့မှာ သူတို့ရဲ့ ဦးနှောက်လှုပ်ရှားပုံ၊ သွေးပမာဏ၊ ဆာလောင်စိတ်တို့ကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။

▪️ ဆူခရယ်လို့စ်သောက်တဲ့အခါမှာ ဦးနှောက်ထဲက ဆာလောင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟစ်ပိုသဲလမတ်စ်ဆိုတဲ့ အစိတ်အပိုင်းကို လှုံ့ဆော်ပေးပြီး အဝလွန်သူတွေမှာ ဆာလောင်မှုကို မြင့်မားစေပါတယ်။

▪️ ရေရှည်မှာ ဆာလောင်မှုနဲ့ စားသုံးမှုပုံစံတွေ ပြောင်းလဲလာနိုင်တယ်လို့ USC သုတေသနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကက်သ်လင်းအယ်လန်နာပေ့ဂျ်က ရှင်းပြပါတယ်။

▪️ အမျိုးသမီးစမ်းသပ်ခံတွေမှာ အမျိုးသားတွေထက် ဦးနှောက်လှုပ်ရှားမှုပုံစံ ပိုမိုပြောင်းလဲတာကိုလည်း တွေ့ခဲ့ကြပါတယ်။

▪️ သကြားပိုမိုစားသုံးမိခြင်းက ကျန်းမာရေးအန္တရာယ်ရှိသလို သကြားအစားထိုးပစ္စည်းတွေကလည်း ဆိုးကျိုးတွေရှိနေပါတယ်။

▪️ လေ့လာချက်များအရ ဆူခရယ်လို့စ်ဟာ အူလမ်းကြောင်း ကျန်းမာရေး၊ ဒီအင်န်အေ၊ အသည်းအဆိပ်စွန့်ထုတ်ဖြစ်စဉ်တို့ကို ထိခိုက်စေတဲ့အပြင် ဆီးချိုဖြစ်နိုင်ခြေကိုပါ မြင့်မားစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

#Source: New York Post