#World_Health
Published 27 December 2024
▪️ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ခြင်းပြဿနာ အဖြစ်များပြီး အလွန်အကျံ ဆံပင်ကျွတ်တာကတော့ ကျန်းမာရေး နောက်ခံကိစ္စတွေ ရှိနေတဲ့သဘော ဖြစ်ပါတယ်။
▪️ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း များစွာရှိနေကာ စောစီးစွာ သိရှိပါမှ ဆံပင်ပါးခြင်းမှ ကာကွယ်နိုင်ကာ ဆံကေသာ ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။
(၁) ဟော်မုန်းမညီမျှခြင်း
▪️ အမျိုးသမီးမှာ ဆံပင်ကျွတ်ရခြင်း အဓိကအကြောင်းအရင်းတစ်ခုက ဟော်မုန်းအတက်အကျတွေ ဖြစ်ပြီး ဟော်မုန်းတွေက ဆံကေသာ ကြီးထွားမှုစက်ဝန်းကို ထိန်းညှိရာမှာ အရေးပါပါတယ်။
▪️ ဟော်မုန်းကြောင့် ဆံပင်ကျွတ်ခြင်းကို သင့်လျော်တဲ့ ကုသမှုဖြင့် ထိန်းချုပ်နိုင်ပါတယ်။
▪️ ဦးရေပြားမှာ ဆံပင်ကျဲလာပြီး မလိုလားတဲ့နေရာတွေမှာ အမွှေးထွက်လာစေတဲ့ အန်ဒရိုဂျင်ဟော်မုန်းတွေ များလာတဲ့ PCOSရောဂါ၊ ကလေးမွေးပြီးနောက် အီစထရိုဂျင်ဟော်မုန်း ကျဆင်းသွားတဲ့ အခြေအနေ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ပြီး ဆံပင်ကြီးထွားမှုကို ထိခိုက်စေတဲ့ သိုင်းရွိုက်ရောဂါများ၊ ဆံပင်မွေးညင်းပေါက်များ အားနည်းလာတဲ့ မီးယပ်သွေးဆုံးချိန်တို့မှာ အဖြစ်များပါတယ်။
(၂) အာဟာရဓာတ်ချို့တဲ့ခြင်း
▪️ မရှိမဖြစ် အာဟာရဓာတ်များ ချို့တဲ့ပါက ဆံပင်မွေးညင်းပေါက်များ အားနည်းစေပြီး ဆံပင်ကျွတ်စေပါတယ်။
▪️ အဓိကအားဖြင့် သံဓာတ်၊ ပရိုတိန်း၊ ဗိုက်တာမင်-ဒီ၊ ဇင့်နဲ့ ဘိုင်အိုတင်ဓာတ်များ ချို့တဲ့ခြင်းကြောင့် ဆံပင်ကျွတ်ခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်ကျိုးပဲ့ခြင်းတို့ ဖြစ်နိုင်ပါတယ်။
(၃) ဖိစီးမှုနဲ့ နေထိုင်စားသောက်မှုပုံစံများ
▪️ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ဖိစီးမှုဖြစ်တဲ့အခါ ဆံပင်ဖွံ့ဖြိုးမှုစက်ဝန်းကို ထိခိုက်စေပြီး ဆံကေသာ ကျွတ်စေပါတယ်။
▪️ ကော်တီဆောလ် မြင့်မားလာခြင်းကြောင့် စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသဖြင့် သွေးလည်ပတ်မှု အားနည်းခြင်းတို့က ဆံကေသာ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။
(၄) ဆံပင်အလှပြင်ခြင်းနဲ့ ဓာတုဆေးများ
▪️ ဆံကေသာ ပြုပြင်အလှဆင်ခြင်းတို့ကြောင့် ဆံပင်ပျက်စီးဆုံးရှုံးကြရပါတယ်။
▪️ ဆံပင်ကို အပူဓာတ်နဲ့ ထိတွေ့ခြင်း၊ ဓာတုပစ္စည်းများ အသုံးပြုခြင်း၊ ဆံပင်စည်းသဖြင့် တင်းကြပ်ခြင်းတို့ကြောင့် ဆံပင်ဆုံးရှုံးစေပါတယ်။
(၅) ရောဂါပြဿနာများ
▪️ အချို့သော ရောဂါလက္ခဏာများနဲ့ ဆေးဝါးများက ဆံပင်ဆုံးရှုံးစေပါတယ်။
ကိုယ်ခံအားစနစ်က ဆံပင်မွေးညင်းပေါက်များကို တိုက်ခိုက်ကာ ဆံပင်အကွက်လိုက် ဆုံးရှုံးစေတဲ့ Alopecia areata ၊ မှိုရောဂါကူးစက်မှုကြောင့် ဦးရေပြားထိခိုက်စေတဲ့ ရောဂါများ၊ ကင်ဆာ သွေးတိုးနဲ့ စိတ်ကျရောဂါတို့အတွက် ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေနိုင်ပါတယ်။
(၆) အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဆံပင်ပါးလာတဲ့ မျိုးဗီဇအခြေအနေ
(၇) ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်းနဲ့ ကျန်းမာရေးမညီညွတ်တဲ့ အစားအသောက်တွေကြောင့် အာဟာရဓာတ်များ ချို့တဲ့လာပြီး ဆံပင်ဖွံ့ဖြိုးမှုချို့ယွင်းစေပါတယ်။
(၈) ပတ်ဝန်းကျင် အနေအထားတွေဖြစ်တဲ့ လေထုညစ်ညမ်းခြင်း၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့ခြင်း၊ သတ္တုဓာတ်များတဲ့ရေနဲ့ ထိတွေ့ခြင်းတို့ကြောင့် ဦးရေပြား ထိခိုက်စေပါတယ်။
▪️ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းတွေကို သိရှိအောင်လုပ်ပြီး ဆံပင်ကျွတ်ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
#Source: DoctorNDTV