#World_News
Published 27 December 2024
▪️ ကြာသပတေးနေ့က ယီမင်နိုင်ငံ ဆာနားအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုတစ်ခုကနေ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေဆပ်စ် သီသီလေး လွတ်မြောက်ခဲ့ကာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပါတယ်။
▪️ တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ တက်ဒရိုစ်နဲ့အတူ ကုလသမဂ္ဂ(UN)နဲ့ WHOမှ အပေါင်းအပါများ လေယာဉ်ပေါ်သို့ တက်ရောက်တော့မှာဖြစ်ပြီး လေယာဉ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
▪️ WHOအကြီးအကဲ ဂေဘရီယေဆပ်စ်က X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားရာမှာ "ဖမ်းဆီးခံ UNဝန်ထမ်းများ လွှတ်ပေးရေး ညှိနှိုင်းရန်နဲ့ ယီမင်မှာ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အခြေအနေသုံးသပ်ရန် အလုပ်တာဝန်များ ပြီးဆုံးခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံများ ချက်ချင်းလွှတ်ပေးရန် ဆက်ပြီးတောင်းဆိုပါတယ်။
▪️ ကျွန်ုပ်တို့ ဆာနားကနေ လေယာဉ်စီးတော့မယ့်အချိန်မှာ လေဆိပ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ လေဆိပ်မှ အနည်းဆုံးလူ ၂ ဦးသေဆုံးခဲ့ပြီး ကျွန်ုပ်တို့ရဲ့ လေယာဉ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
▪️ လေကြောင်း ထိန်းချုပ်ရေးမျှော်စင်၊ ကျွန်ုပ်တို့နဲ့ မီတာအနည်းငယ်သာ ကွာဝေးတဲ့ ထွက်ခွာခရီးသည်ဧည့်ခန်း၊ ပြေးလမ်းတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ မထွက်ခွာခင်မှာ ပျက်စီးသွားတာတွေကို ပြန်လည်ပြုပြင်ရန် စောင့်ဆိုင်းရပါမယ်။ ကျွန်ုပ်တို့ရဲ့ UN နဲ့ WHO အပေါင်းအပါများ ဘေးကင်းပါတယ်။ မိသားစုဝင်များဆုံးရှုံးခဲ့ရသူတွေ အတွက်တော့ ဝမ်းနည်းပူဆွေးမိပါတယ်"လို့ တွေ့ရပါတယ်။
▪️ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က တိုက်ခိုက်မှုကို ရှုတ်ချလိုက်ကာ နိုင်ငံတကာ စည်းမျဉ်းဥပဒေများကို လေးစားကြရန် တောင်းဆိုလိုက်ပြီး အရပ်ဖက်နဲ့ လူသားချင်းစာနာမှု လုပ်သားများကို ဘယ်တော့မှ ပစ်မှတ်ထားခြင်းမပြုရန် အလေးပေးပြောသွားပါတယ်။
▪️ ဂူတာရက်စ်က ယီမင်နဲ့ အစ္စရေးလ်တို့ကြား လတ်တလော စစ်ရေးတင်းမာမှုတွေကို စိတ်မကောင်းဖြစ်မိကာ ဆာနားလေဆိပ်၊ ပင်လယ်နီဆိပ်ကမ်းများနဲ့ ယီမင်ရှိ ဓာတ်အားစခန်းများမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားတာတွေက အချက်ပေးသံဖြစ်တယ်လို့ X မှာ ဖော်ပြထားပါတယ်။
▪️ ယီမင်အတွင်းပိုင်းနဲ့ အနောက်ကမ်းရိုးတန်းတို့မှ ဟူသီအဖွဲ့များ ပိုင်ဆိုင်တဲ့ စစ်ရေးပစ်မှတ်များကို အစ္စရေးလ်လေတပ်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)က ဆိုပါတယ်။
▪️ ဟူသီတို့ စစ်ရေးလှုပ်ရှားမှုများအတွက် အသုံးပြုနေတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကာ ဆာနားအပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဟက်ဇ်ယက်ဇ်နဲ့ ရက်စ်ကာနာတစ်ဓာတ်အားစခန်းတို့ အပါအဝင် အနောက်ကမ်းရိုးတန်းမှ ဆိပ်ကမ်းများလည်း ပစ်မှတ်ခဲ့ပါတယ်။
#Source: ANI News