#World_Health
Published 21 March 2025
▪️ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းကာလအတွင်း ဖောလစ်အက်ဆစ်ဖြည့်စွက်အားဆေး အသုံးပြုပါက မွေးလာတဲ့ကလေး အသက် ၆ နှစ်အရွယ်ရောက်တဲ့အခါ အပြောအဆိုနဲ့ အပြုအမူပိုင်းစွမ်းရည် သိသိသာသာ တိုးတက်စေနိုင်တယ်လို့ သုတေသနတစ်ခုမှာ ယူဆထားပါတယ်။
▪️ လေ့လာချက်အရ ကိုယ်ဝန်အစောပိုင်းကာလမှာ ဖောလစ်အက်ဆစ် အသုံးပြုခြင်းနဲ့ ကလေးတွေမှာ ဦးနှောက်ကျန်းမာရေးရလဒ်တို့ကြား အပြုသဘောဆောင်တဲ့ ဆက်စပ်မှုကို တွေ့လာပြီး ပမာဏမြင့်မားရင်တောင် ဆိုးကျိုးတွေ့ရတဲ့ အထောက်အထား မရှိဘူးလို့ စတန်းဖို့ဒ်တက္ကသိုလ်မှ အာရုံကြောပရော်ဖက်ဆာ ဒေါက်တာ ကင်မ်ဖို့ဒ်မီဒေါက ပြောပါတယ်။
▪️ ဖောလစ်အက်ဆစ်ဆိုတာက ဗိုက်တာမင်-ဘီတစ်မျိုး ဖြစ်ပြီး အစိမ်းရောင်အရွက်များ၊ ကြက်ဥများ၊ ပန်းဂေါ်ဖီစိမ်း၊ အချဉ်သီးတို့မှာ ပါဝင်ပြီး လူတိုင်းအတွက် အရေးပါသလို အထူးသဖြင့် ကိုယ်ဝန်ဆောင်များနဲ့ ကိုယ်ဝန်ရလိုသူများအတွက် အရေးကြီးပါတယ်။
▪️ လက်ရှိမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုအတွက် နေ့စဉ်လိုအပ်တဲ့ ဖောလစ်အက်ဆစ်ပမာဏက ၀.၄ မီလီဂရမ်ဖြစ်ပါတယ်။
▪️ ဝက်ရူးပြန်ရောဂါရှိတဲ့ မိခင်တွေကနေမွေးတဲ့ ကလေး ၂၆၂ ဦးနဲ့ သာမန်မိခင်တွေကနေမွေးတဲ့ ကလေး ၈၃ ဦးတို့ကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
▪️ ကိုယ်ဝန်ဆောင်ကာလ ပထမ ၁၂ ပတ်အတွင်း မိခင်တွေကို အဖွဲ့ခွဲပြီး ဖောလစ်အက်ဆစ် ပမာဏအမျိုးမျိုး အသုံးပြုစေပြီး လေ့လာခဲ့ပါတယ်။
▪️ ကလေးတွေကို အပြောအဆိုစွမ်းရည်များ စမ်းသပ်မှုပြုလုပ်သလို မိဘတွေကိုလည်း ကလေးတွေရဲ့ လူမှုပေါင်းသင်းရေး၊ ဆက်ဆံရေး၊ နေ့စဉ်နေထိုင်မှုစွမ်းရည်တို့ကို မေးမြန်းခဲ့ပါတယ်။
▪️ ဖောလစ်အက်ဆစ် အသုံးပြုတဲ့မိခင်တွေရဲ့ ကလေးတွေက ပျမ်းမျှအားဖြင့် IQ ၁၀၈ မှတ်ရရှိပြီး ဖြည့်စွက်အားဆေး အသုံးမပြုတဲ့ မိခင်တွေရဲ့ ကလေးတွေကတော့ ၉၆ မှတ်သာ ရှိပါတယ်။
▪️ ဖောလစ်အက်ဆစ်ကို ပမာဏအနည်းငယ် အသုံးပြုတဲ့မိခင်တွေရဲ့ ကလေးတွေကတော့ ၁၁၀ မှတ်ဝန်းကျင်ရရှိပြီး ပမာဏမြင့်မားသူတွေကတော့ ၁၀၈ မှတ်ခန့်ရှိကာ နှစ်ဖွဲ့စလုံးက သာမန်အမှတ် ၁၀၃ ထက် ပိုများနေပါတယ်။
▪️ ဒါကြောင့် ကိုယ်ဝန်ဆောင်အစောပိုင်းမှာ ဖောလစ်အက်ဆစ် ပမာဏများများ အသုံးပြုပါက ကလေးဦးနှောက်ကျန်းမာရေးကို အကျိုးပြုဆဲဖြစ်တယ်လို့ မီဒေါက ပြောသွားပါတယ်။
#Source: New York Post