Published 24 December 2021

တောင်ကိုရီးယားမှ နိုင်ငံကျော် ကေပေါ့ပ်အဖွဲ့ BTS ဟာ အမေရိကန်မှာ တင်ဆက်ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ပြီး ပြန်ရောက်လာတဲ့အချိန်မှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှူးဂါးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ကြောင်း စီမံခန့်ခွဲသူတွေက သောကြာနေ့က ကြေညာလိုက်ပါတယ်။

ကြာသပတေးနေ့က ပြန်ရောက်ခဲ့ပြီး သီးသန့်ကွာရန်တင်းဝင်နေစဉ် အသက် ၂၄ နှစ်ရှိ မင်ယွန်ဂီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ Big Hit Music ကုမ္ပဏီက သောကြာနေ့က အတည်ပြုလိုက်ပါတယ်။

ရှူးဂါးဟာ ဩဂုတ်လက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခဲ့ပြီးပြီဖြစ်ပါတယ်။

 

ရောဂါပိုးတွေ့ရှိခဲ့ပေမယ့် ရောဂါလက္ခဏာမပေါ်သလို BTS အဖွဲ့ဝင်တွေနဲ့လည်း လတ်တလော ထိတွေ့ပြောဆိုခြင်းမရှိခဲ့ပါဘူး။

"လက်ရှိမှာတော့ သူ့အိမ်မှာပဲ အနားယူခိုင်းထားပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေကို အရေးကြီးကိစ္စရပ်အဖြစ် ကျွန်တော်တို့ စောင့်ကြည့်သွားမှာဖြစ်ပြီး အမြန်ဆုံးပြန်လည်သက်သာလာဖို့ အတတ်နိုင်ဆုံးကူညီသွားမှာ ဖြစ်ပါတယ်" လို့ ပြောသွားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း BTS အဖွဲ့အနေနဲ့ ပထမဆုံးဖျော်ဖြေခွင့်ရခဲ့တဲ့ လော့စ်အိန်ဂျလိစ်က လိုက်ဖ်ရှိုးပွဲတွေအပြီးမှာ အမေရိကန်မှ ပုဂ္ဂိုလ်အချို့နဲ့ ထိတွေ့ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

BTS အဖွဲ့အနေနဲ့ နှစ်သစ်ကူးအားလပ်ရက်တွေမှာ အနားယူပြီး အယ်လ်ဘမ်အသစ်တွေ ဖျော်ဖြေပွဲအသစ်တွေမှာ တင်ဆက်နိုင်ဖို့အတွက် အားမွေးပြင်ဆင်သွားမှာဖြစ်တယ်လို့ Big Hit က ဆိုလိုက်ပါတယ်။

BTS အဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ စတင်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သူတို့ရဲ့ သီဆိုကပြမှုတွေက ကမ္ဘာတဝန်းက ကေပေါ့ပ်ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

သူတို့ရဲ့သီချင်းစာသားတွေနဲ့ လူမှုလှုပ်ရှားရေးလုပ်ငန်းတွေဟာလည်း လူငယ်တွေကို ခွန်အားဖြစ်စေခဲ့ပါတယ်။

နိုဝင်ဘာလက အမေရိကန်တေးဂီတဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုကို ပထမဆုံးအနေနဲ့ ရရှိခဲ့ပြီး Butter သီချင်းဖြင့် အကောင်းဆုံးပေါ့ပ်တေးဂီတဆုကိုလည်း ရရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် BTS အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတကာလှည့်လည်ဖျော်ဖြေပွဲပေါင်း ၄၀ နီးပါးကို ရွှေ့ဆိုင်းလိုက်ရပြီး အွန်လိုင်းမှ တင်ဆက်ခဲ့ရပါတယ်။

Source: Reuters