#WorldHealth

Published -  22 December 2021
အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ ဘာရက်ဘိုင်အိုတက်ခ်က နှာခေါင်းထဲအစက်ချထည့်ရတဲ့ ကိုဗစ် booster အားမြှင့်ကာကွယ်ဆေးကို စမ်းသပ်ဖို့ နိုင်ငံတော်ဆေးဝါးအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသွားပါတယ်။

ထုတ်လုပ်ရေးပစ္စည်းတွေက ဆေးဝါးလိုအပ်ချက်ထက် ပိုပြီးများများရှိနေတဲ့အချိန်မှာ booster အားမြှင့်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးဖို့ အဆိုပါကုမ္ပဏီက အစိုးရအဖွဲ့ကို တိုက်တွန်းပြောကြားနေကြပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက booster အားမြှင့်ကာကွယ်ဆေးတွေကို အခုချက်ချင်း အသိအမှတ်ပြုထိုးခွင့်ပေးဖို့ မလိုအပ်သေးကြောင်း၊ အရွယ်ရောက်ပြီးသူတွေမှာ ကာကွယ်ဆေး အရင်ထိုးနှံထားဖို့ကသာ အဓိကဦးစားပေးဖြစ်ကြောင်း ဆိုပါတယ်။

ကုမ္ပဏီက သူတို့ရဲ့ တတိယအဆင့် စမ်းသပ်ချက်ကိုပြုလုပ်ဖို့ အိန္ဒိယဆေးဝါးထိန်းချုပ်ကွပ်ကဲရေးအဖွဲ့ DCGI ကို ခွင့်ပြုချက်တောင်းဆိုထားပါတယ်။
booster အားမြှင့်ကာကွယ်ဆေးကို နှာခေါင်းထဲအစက်ချရတာကြောင့် လူအမြောက်အများ ကာကွယ်ဆေးထိုးဖို့ အဆင်ပြေလွယ်ကူစေမှာဖြစ်ကြောင်း ဘာရက်ဘိုင်အိုတက်ခ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ဘာရက်ဘိုင်အိုတက်ခ်ရဲ့ နှာခေါင်းထဲအစက်ချရတဲ့ ကာကွယ်ဆေး BBV154 အသုံးပြုခြင်းကို အိန္ဒိယက အသိအမှတ်မပြုရသေးပါဘူး။BBV154 အလယ်အဆင့်စမ်းသပ်မှုကိုတော့ ဩဂုတ်လက တာဝန်ရှိသူတွေက အသိအမှတ်ပြုခဲ့ပါတယ်။

အလယ်ပိုင်းအဆင့်စမ်းသပ်မှုတွေက ပြီးမြောက်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ဘာရက်ဘိုင်အိုတက်ခ်ကပဲ ထုတ်လုပ်တဲ့ သွေးကြောထဲထိုးသွင်းရတဲ့ ကိုဗက်ဆင်းကိုဗစ်ကာကွယ်ဆေးကို ထိုးနှံဖို့လည်း အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်း ကိုဗစ်ဒုတိယလှိုင်းကြောင့် နိုင်ငံအတွင်းများစွာထိခိုက်ခဲ့ပြီးနောက် အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သိသိသာသာကျဆင်းလာခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာ အခုလက်ရှိအချိန်အထိ အိုမီခရွန်ကူးစက်သူ ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
Source: Reuters