#WorldHealth

Published - 20 November 2021

ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးကြောင်း သတ်မှတ်ရာမှာ booster အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းကိုပါ ထည့်သွင်းသတ်မှတ်သွားဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံရဲ့ ထိပ်သီးဆရာဝန်တစ်ဦးက ဆိုပါတယ်။

ဒေါက်တာအန်သိုနီဖော့ချီက အမေရိကန်ပြည်က လူသန်းပေါင်းများစွာမှာ ကာကွယ်ဆေးထိုးနှံဖို့ကို အရေးတယူဆောင်ရွက်သင့်ကြောင်း ဒီအပတ် ဘော့စတွန်မှာပြုလုပ်ခဲ့တဲ့ ၂၀၂၁ ဆေးသိပ္ပံပညာဆိုင်ရာထိပ်သီးအစည်းအဝေးမှာ ပြောကြားသွားပါတယ်။

"ခန္ဓာကိုယ်ခုခံအားလေ့လာရေးပညာရှင် တစ်ယောက်အနေနဲ့ ရောဂါပိုးကူးစက်နိုင်ချေရှိတဲ့လူမှာ mRNA အမျိုးအစား booster အားမြှင့်ကာကွယ်ဆေးထိုးနှံဖို့က ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် သတ်မှတ်သင့်ပါတယ်"လို့ ကူးစက်ရောဂါကာကွယ်ရေးမှ ဒါရိုက်တာဖြစ်သူက ဆိုပါတယ်။

"booster အားမြှင့်ကာကွယ်ဆေးကို ဖြည့်စွက် ထိုးနှံတဲ့သဘောမဟုတ်ဘဲ မဖြစ်မနေ ပုံမှန်အတိုင်းလုပ်ဆောင်ရမယ့် အစီအစဉ်အဖြစ်သတ်မှတ်သင့်ပါတယ်။ အရင်ကအခြေအနေတွေကို ပြန်လေ့လာကြည့်ရင် booster အားမြှင့်ကာကွယ်ဆေးက ဆေးအာနိသင်အမြင့်ဆုံးရရှိဖို့ မဖြစ်မနေလိုအပ်တဲ့ဆေးဖြစ်တာကို တွေ့ရမှာပါ"လို့ ဖော့ချီက ဆိုပါတယ်။

နယူးယော့ခ်မြို့နဲ့ အခြားပြည်နယ်အများအပြားမှာ အနည်းဆုံးလွန်ခဲ့တဲ့ ၆ လအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေအားလုံးကို booster အားမြှင့်ကာကွယ်ဆေးထိုးနှံဖို့ လုပ်ဆောင်နေကြပါတယ်။

အဲဒီမတိုင်ခင်က အသက် ၆၅ နှစ်အထက်လူတွေနဲ့ ရောဂါပြင်းထန်နိုင်ချေရှိတဲ့သူတွေမှာသာ ကာကွယ်ဆေးထိုးနှံခဲ့တာဖြစ်ပါတယ်။

မိုဒါနာကုမ္ပဏီအနေနဲ့ အမေရိကန်ရှိနေထိုင်သူ အသက် ၁၈ နှစ်နဲ့အထက်လူတွေမှာ booster အားမြှင့်ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ FDA မှခွင့်ပြုချက်တောင်းခံထားတဲ့အချိန်မှာ သမ္မတရဲ့ ဆေးပညာအကြံပေးဦးစီးချုပ်က အခုလိုကြေညာချက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဖိုင်ဇာကုမ္ပဏီကလည်း ပြီးခဲ့တဲ့အပတ်က အမေရိကန်ရှိနေထိုင်သူတွေအားလုံးမှာ booster အားမြှင့်ကာကွယ်ဆေးကို တိုးချဲ့ထိုးနှံခွင့်ရဖို့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။
အမေရိကန်ပြည်သူ ၃၁.၅ သန်းဟာ booster အားမြှင့်ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ CDC က ကြေညာသွားပါတယ်။

အဲဒီထဲကမှ ၃ ပုံ ၁ ပုံကျော်ဟာ အသက် ၆၅ နှစ်အထက်တွေဖြစ်ပါတယ်။
အမေရိကန်မှာ ကာကွယ်ဆေးထိုးထားသူ ၁၉၆ သန်းရှိတာကြောင့် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်က ကာကွယ်ဆေးအပြည့်ထိုးနှံခြင်း မရှိသေးကြောင်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၅ ရက်ကတည်းက အမေရိကန်မှာ ရောဂါကူးစက်မှုနှုန်း အပတ်စဉ် ၂၇ ရာခိုင်နှုန်းမြင့်တက်လာတာကြောင့် booster အားမြှင့်ကာကွယ်ဆေးထိုးနှံဖို့ တွန်းအားပေးလာကြတာဖြစ်ပါတယ်။

ဖော့ချီက အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ထပ်မံထိုးနှံဖို့လိုအပ်လာမှာ သေချာကြောင်း ဆိုပါတယ်။

ဗြိတိန်ပြည်ထောင်စုက ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆန်က ဗြိတိန်ပြည်ထောင်စုမှာ ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံဖို့ အလွန်အရေးကြီးကြောင်း တနင်္လာနေ့က ပြောသွားပါတယ်။
"booster အားမြှင့်ကာကွယ်ဆေးပါ ထပ်မံထိုးနှံဖို့က အရေးကြီးကြောင်း သိသာနေပါတယ်"လို့ ဂျွန်ဆန်ကဆိုပါတယ်။

booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေဟာ မထိုးနှံထားတဲ့သူတွေထက် ကိုဗစ်ရောဂါပိုးကူးစက်မှုနဲ့ ရောဂါပြင်းထန်မှု သိသိသာသာလျော့နည်းကြောင်း လတ်တလော လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
Source: New York Post.