#WorldHealth

Published 15 January 2022

 

Booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးကို ထပ်ခါထပ်ခါထိုးနှံခြင်းက ကိုယ်ခန္ဓာခုခံအားစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ကြောင်း ဥရောပသမဂ္ဂမှ တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

 

booster အားမြှင့်ကာကွယ်ဆေးတွေကို ၄ လခြားတစ်ခါ ထိုးနှံနေခြင်းက ကိုယ်ခံအားစနစ်ကို အားနည်းသွားစေပြီး အားအင်ကုန်ခမ်းစေနိုင်တယ်လို့ ဥရောပဆေးဝါးအေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။

 

ကမ္ဘာတဝန်းရှိ နိုင်ငံတွေအနေနဲ့ booster ထိုးနှံရေးအစီအစဉ်ကို အချိန်ကာလပိုမိုကြာရှည်စွာ ပိုင်းခြားပြီးသတ်မှတ်သင့်ကြောင်း၊ အအေးမိရာသီစချိန်တွေနဲ့ ချိန်ကိုက်ပြီး ထိုးနှံသင့်ကြောင်း၊ တုပ်ကွေးကာကွယ်ဆေး အစီအစဉ်အတိုင်းဆောင်ရွက်သွားဖို့လိုကြောင်း အေဂျင်စီက ပြောကြားလိုက်ပါတယ်။

 

အိုမီခရွန်ကူးစက်မှုတွေ များပြားလာတဲ့အတွက် ရောဂါကိုပိုမိုကာကွယ်နိုင်ရန် အချို့နိုင်ငံတွေက booster အားမြှင့်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံဖို့ ချင့်ချိန်နေကြပါတယ်။

 

အစ္စရေးလ်နိုင်ငံဟာ အသက် ၆၀ အထက်လူကြီးတွေမှာ ကိုဗစ်ကာကွယ်ဆေးစတုတ္ထအကြိမ်ဖြစ်တဲ့ booster ဒုတိယအကြိမ်ကို စတင်ထိုးနှံပေးတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။

 

booster အားမြှင့်ကာကွယ်ဆေးက ကိုဗစ်ရောဂါကို ကောင်းစွာကာကွယ်ပေးနိုင်ပြီး လောလောဆယ်မှာတော့ booster ဒုတိယအကြိမ်ထိုးပေးဖို့ မလိုအပ်သေးပေမယ့် သန္ဓေပြောင်းလဲမှုတွေဖြစ်လာတဲ့အတွက် ပြန်လည်သုံးသပ်ဖို့လိုအပ်ကြောင်း ယူကေက ကြေညာထားပါတယ်။

 

"booster အားမြှင့်ကာကွယ်ဆေးကို ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်ထိုးနှံလို့ရပေမယ့် ခဏခဏထိုးနှံဖို့တော့ မသင့်တော်ဘူးထင်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါအခြေအနေကနေ ဒေသတွင်းရောဂါအဖြစ် ပြောင်းလဲနိုင်အောင် စဉ်းစားဖို့လိုပါတယ်" လို့ ဥရောပဆေးဝါးအေဂျင်စီမှ အကြီးအကဲဖြစ်သူ မာကိုကာဗာလယ်ရီက ဆိုပါတယ်။

 

ပက်ဇ်လိုဗစ် (Paxlovid )နဲ့ ရမ်ဒီဆီဗီယာ (Remdesivir)တို့လို သောက်ဆေးတွေနဲ့ အကြောဆေးထိုးသွင်းရတဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့ဟာ အိုမီခရွန်ကို ထိရောက်စွာကာကွယ်နိုင်သေးတယ်လို့ ဥရောပသမဂ္ဂမှ တာဝန်ရှိသူတွေက မီဒီယာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

 

အိုမီခရွန်မျိုးဗီဇကွဲအသစ်ကို ပစ်မှတ်ထားကာကွယ်မယ့် ကာကွယ်ဆေးထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ၃ လ မှ ၄ လလောက် ကြာဦးမှာဖြစ်တဲ့အတွက် အစောဆုံးအနေနဲ့ ဧပရယ်လ်လမှသာ ရရှိနိုင်မှာဖြစ်ကြောင်း အေဂျင်စီက ဆိုပါတယ်။

 

ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီကြီးတွေကလည်း မျိုးဗီဇကွဲအသစ်တွေကို ပစ်မှတ်ထားကာကွယ်နိုင်မယ့် ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

Source: Bloomberg
#Yangon_Media_Group