#World_Health

Published -  28 December 2021
Booster အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းဖြင့် အိုမီခရွန်မျိုးဗီဇကွဲကြောင့် ဖြစ်ပေါ်နိုင်တဲ့ရောဂါဝေဒနာကို ကာကွယ်နိုင်စွမ်းဟာ ၁၀ ပတ်အတွင်း ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး ၂၀၂၂ မှာ နောက်ထပ်ကာကွယ်ဆေးတွေ ထိုးဖို့လိုအပ်မလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး စတင်ထိုးနှံပြီး ဖိုင်ဇာ booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေက အိုမီခရွန်ကြောင့် ကိုဗစ်ရောဂါဖြစ်ပွားနိုင်မှုကို ကာကွယ်ရာမှာ ၇၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ယူကေကျန်းမာရေးအေဂျင်စီက ဆိုလိုက်ပါတယ်။

ဖိုင်ဇာကာကွယ်ဆေးထိုးပြီး မိုဒါနာ booster အားမြှင့်ကာကွယ်ဆေးထိုးရာမှာ ၉ ပတ်ကြာတဲ့အထိ ရောဂါကာကွယ်နိုင်စွမ်းက ၇၀ မှ ၇၅ ရာခိုင်နှုန်းရှိကြောင်း ကြာသပတေးနေ့က ဖော်ပြခဲ့ပေမယ့် အဆိုပါအစီအစဉ်အတိုင်း ထိုးနှံတဲ့သူတွေက အနည်းငယ်သာရှိတာကြောင့် တွေ့ရှိချက်က တိကျတယ်လို့ ပြောဖို့ခက်နေပါတယ်။

အက်စ်ထရာဇန်နီကာကာကွယ်ဆေးထိုးပြီး ဖိုင်ဇာ booster ထိုးတဲ့သူတွေရဲ့ ကာကွယ်နိုင်စွမ်းက ၁၀ ပတ်အကြာမှာ ၆၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး မိုဒါနာ booster ထိုးနှံတဲ့သူတွေမှာ ကာကွယ်နိုင်စွမ်းက ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းကြောင်း ယူကေကျန်းမာရေးအေဂျင်စီက ပြောကြားလိုက်ပါတယ်။

အစ္စရေးလ်နိုင်ငံမှာ အသက် ၆၀ အထက်လူကြီးများနဲ့ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ကိုဗစ်ရောဂါဖြစ်ပွားနိုင်ချေများတဲ့ လူတွေမှာ ကိုယ်ခံအားကိုမြှင့်တင်ပြီး အိုမီခရွန်ကိုကာကွယ်နိုင်ဖို့ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးရန် ကြေညာလိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။

ဒါပေမဲ့ အခြားနိုင်ငံတွေကတော့ လက်ရှိကာကွယ်ဆေးအစီအစဉ်တွေ ထိရောက်မှုနဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းရဲ့ စိတ်ချထိရောက်မှုတွေကို ပိုမိုသိရှိစေရန် ဆက်လက်စောင့်ကြည့်နေကြပါတယ်။

အမေရိကန်ရှိ ခုခံအားချို့တဲ့တဲ့သူအချို့မှာ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးပြီးနေကြပါပြီ။
တစ်ကြိမ်တည်းထိုးရတဲ့ Johnson & Johnson ကိုဗစ်ကာကွယ်ဆေးကို ၂ ကြိမ်ထက်ပိုပြီး မထိုးနှံသင့်ကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

အိုမီခရွန်ကြောင့် ရောဂါကာကွယ်နိုင်စွမ်းကို ထိရောက်နိုင်သလားဆိုတာကို သေသေချာချာမသိရသေးဘဲ ကာကွယ်ဆေးထိုးနှံရေးမူဝါဒကို ယူကေက အလျင်စလိုပြောင်းလဲသွားမှာမဟုတ်ကြောင်း ယူကေကျန်းမာရေးအေဂျင်စီမှ ညွှန်ချုပ် ဒေါက်တာမယ်ရီရမ်ဆေးက The Independent ကို ပြောကြားသွားပါတယ်။

အရင်မျိုးဗီဇကွဲတွေ့ကြုံမှုတွေအရ မျှော်မှန်းထားတာထက် ရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားနိုင်ပါတယ်။booster အားမြှင့်ကာကွယ်ဆေးကို စောစောထိုးထားတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါကူးစက်နိုင်ချေရှိသူတွေမှာ နောက်ထပ်ကာကွယ်ဆေးထိုးဖို့ လိုအပ်သလားဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။

အချက်အလက်တွေ ပိုမိုသိရှိဖို့အတွက် ယူကေမှသုတေသီတို့က ဆန်းစစ်သုံးသပ်ချက်တွေ ပြုလုပ်နေပါတယ်။အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်ဖို့အတွက်က ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေမှာ ကာကွယ်ဆေးထိုးပေးဖို့နဲ့ booster အားမြှင့်ကာကွယ်ဆေးကို လူအများအပြားမှာ ထိုးနှံပေးဖို့ ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။
Source: Insider

#Yangon Media Group