၆ နိုဝင်ဘာ ၂၀၂၃

G-Dragon လို့သိထားကြတဲ့ ကေပေါ့တ် BIGBANG အဖွဲ့ရဲ့ လူဟောင်း ရှေ့ထွက်အဆိုတော်နှင့်ရက်ပါ ကွမ်ဂျီယွန်း Kwon Ji-yong ဟာ မူးယစ်ဆေးဝါးသုံးစွဲတယ်လို့စွပ်စွဲခံရပြီးနောက် အစစ်ဆေးခံဖို့ ဒီကနေ့ နိုဝင်ဘာ ၆ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ အင်ချီယွန်ရဲစခန်းတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယား အနုပညာရှင်တွေ  မူးယစ်ဆေးဝါးနှင့်ပတ်သက်တဲ့ အမှုတွေ ဆက်တိုက်ဖြစ်နေခဲ့တဲ့အထဲက နောက်ဆုံးအမှုတစ်ခုဖြစ်ပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာ ယခုလိုစွပ်စွဲချက်တွေပေါ်ပေါက်လာခဲ့ပြီးနောက် ကေပေါ့တ်အေဂျင်စီအချို့ရဲ့ ရှယ်ယာတွေလည်းထိုးကျခဲ့ပါတယ်။ အဲဒီအထဲမှာ ကွမ်ရဲ့အေဂျင်စီဟောင်း ဝိုင်ဂျီအင်တာတိန်းမန့်လည်း ပါဝင်ပါတယ်။

ရဲစခန်းမှာ လေးနာရီကြာမျှ မေးခွန်းတွေဖြေ အစစ်ခံပြီးနောက် အသက် ၃၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွမ်ဟာ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး ရဲကစစ်ဆေးနေတုန်းမှာ သူ့ကို မူးယစ်ဆေးသုံးမသုံးစစ်ဆေးစမ်းသပ်တဲ့အခါ အဖြေက နဂ္ဂတစ်(မရှိဘူး)လို့ ထွက်တယ်လို့ သူကပြောပါတယ်။  သူဟာ ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းကူညီခဲ့ပါတယ်လို့လည်းပြောပါတယ်။

ရဲစခန်းကို စောစောပိုင်းမှာရောက်ရှိလာတဲ့သူဟာ အမည်းရောင်ဝတ်စုံကို ဝတ်ဆင်လာပါတယ်။” မူးယစ်ဆေးဝါးတရားမဝင်သုံးစွဲမှုနှင့်ဆက်နွယ်တဲ့ ရာဇဝတ်မှုလို့ စွပ်စွဲတာဟာ မမှန်ကန်ပါဘူး” လို့ အစစ်ဆေးမခံခင် သူကပြောခဲ့ပါတယ်။

ယခု ကွမ်အစစ်ဆေးခံတဲ့ အင်ချီယွန် ရဲစခန်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က အော်စကာဆုရရုပ်ရှင်"Parasite" မင်းသား Lee Sun-kyun ကိုလည်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်စွပ်စွဲပြီး စစ်ဆေးခဲ့တဲ့နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းက အဆိုပါရဲစခန်းကထွက်လာတဲ့ လီက သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုဖြေဖို့ညင်းဆန်ခဲ့ပြီး ရဲတွေမေးတဲ့မေးခွန်းအားလုံးကို သူသိသမျှပြန်ဖြေခဲ့ပါတယ်လို့ပဲ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

မူးယစ်ဆေးဝါးအမှုတွေက တောင်ကိုးရီးယားမှာပြင်းထန်ပါတယ်။ ပုံမှန်အားဖြင့် အနည်းဆုံးထောင်ခြောက်လ  ချနိုင်ပြီး ထပ်မံကျူးလွန်သူတွေကို ထောင်ဒဏ် ၁၄နှစ်အထိအပြစ်ပေးနိုင်တာဖြစ်ပါတယ်။ BIGBANG အဖွဲ့ထဲက ဒီလိုမူးယစ်မှုနှင့် တရားစွဲခံရတာဟာ ကွမ်ဟာ ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၇ခုနှစ်တုန်းက တီအိုပီလို့ သိကြတဲ့ ချွိုင် ဆမ်ဟွန်း Choi Seung-hyun ကို ဆေးခြောက်သုံးလို့ ထောင် ၁၀လ အပြစ်ပေးခဲ့ဖူးပါတယ်။ ထောင်မကျအောင် နောက်ပိုင်းမှာသူက အသနားခံခဲ့ပါတယ်။

Source Reuters