#World_News
Published 11 November 2023


အမေရိကန်လေတပ်မှ ပျံသန်းနေတဲ့ အတောင်ပံပုံသဏ္ဍာန်ရှိတဲ့ B-21 Raider ဗုံးကြဲလေယာဉ်ဟာ သောကြာနေ့က ပထမဆုံးပျံသန်းမှု ပြုလုပ်ခဲ့ပါတယ်။

 

Northrop Grumman မှ ဆောက်လုပ်တာဖြစ်ပြီး တာဝေးပစ် နျူကလီးယားလက်နက်တင် ကိုယ်ပျောက်လေယာဉ်အသစ်မှာ နောက်တစ်ဆင့် မြှင့်တင်လိုက်တာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနမှ မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။

 

တင်းကျပ်တဲ့ လုံခြုံရေး သတ်မှတ်ချက်များဖြင့် ထုတ်လုပ်ထားတဲ့ B-21 လေယာဉ်အသစ်ဟာ ကယ်လီဖိုးနီးယား ပမ်းဒဲလ်ရှိ လေတပ် Plant 42 ရဲ့ Northrop စက်ရုံကနေ သောကြာနေ့ နံနက် ၆ နာရီ ၅၁ မိနစ်အချိန်မှာ ထွက်ခွာလာခဲ့ပါတယ်။

 

ဒီပျံသန်းမှုအကြောင်းကို လေတပ်ခေါင်းဆောင်များက လူသိရှင်ကြား ထုတ်ဖော်ခြင်း မရှိပေမယ့် လေကြောင်းစိတ်ပါဝင်စားသူတွေနဲ့ အပျော်တမ်း ဓာတ်ပုံဆရာ အယောက် ၃၀ ကျော်လောက်က လေယာဉ်ထွက်ခွာဖို့ကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။

 

သူ့အရင် B 2 ရဲ့ တောင်ပံပုံသဏ္ဍာန်အတိုင်းရှိတဲ့ B21 ဟာ သာမန်လက်နက်တွေရော နျူကလီးယားလက်နက်ပါ သယ်ဆောင်နိုင်စွမ်းရှိပြီး လေထဲမှာပင် လောင်စာဖြည့်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

 

လေယာဉ်တစ်စီးစာအတွက် ၂၀၁၀ ခုနှစ်က ဒေါ်လာသန်း ၅၅၀ ခန့်ကုန်ကျနိုင်ပေမယ့် ယနေ့ငွေကြေးဖောင်းပွမှုအရ သန်း ၇၅၀ ကုန်ကျနိုင်ပါတယ်။

 

လေတပ်က ထိုလေယာဉ်အနည်းဆုံး အစင်း ၁၀၀ ခန့်ဝယ်ယူပြီး B1 နဲ့ B2 လေယာဉ်တွေနေရာမှာ စတင်အစားထိုးဖို့ စီစဉ်နေပါတယ်။

 

B1 က တစ်နာရီပျံသန်းခ ဒေါ်လာ ၆ သောင်းခန့် ကျသင့်ပြီး B2 ကတော့ ၆ သောင်းခွဲခန့်ရှိတယ်လို့ ပင်တဂွန်အချက်အလက်များအရ သိရပါတယ်။

 

B21 Raider တွေကို စမ်းသပ်ပျံသန်းမှု ပြုလုပ်နေကြောင်း၊ လေတပ်စမ်းသပ်မှုစင်တာက ပြုလုပ်တဲ့ စမ်းသပ်ရေးမှာ အရေးပါတဲ့အဆင့်ဖြစ်ကြောင်း လေတပ်မှပြောရေးဆိုခွင့်ရှိသူ အန်စတီဖာနက်ခ်က ပြောပြသွားပါတယ်။

 

Northrop ဟာ ဘိုးရင်းနဲ့ လော့ခ်ဟိဒ်မာတင်တို့ရဲ့ အဖွဲ့ကို အနိုင်ရခဲ့တာဖြစ်ကာ ၂၀၁၅ ခုနှစ်က ဗုံးကျဲလေယာဉ် ထုတ်လုပ်ရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

 

၂၀၂၂ ဒီဇင်ဘာလက B21 အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် စမ်းသပ်ပျံသန်းမှု ပြုလုပ်ဖို့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။

 

B21 ဟာ အင်ဂျင်နီယာအပိုင်းနဲ့ ထုတ်လုပ်မှုအပိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၅ ဝန်းကျင်မှာ အဲလ်စ်ဝေါ့သ်လေတပ်စခန်းသို့ ပို့ဆောင်ရန် ခန့်မှန်းထားပါတယ်။

 

လေယာဉ်ဟာ ဆဌမမြောက်မျိုးဆက်ဖြစ်ပြီး အခြားလေယာဉ်များနဲ့ ချိတ်ဆက်နိုင်စွမ်းရှိကာ အနာဂတ်မှာ လက်နက်သစ်တွေကို လေယာဉ်စနစ်ထဲသို့ အလွယ်တကူ ပေါင်းစပ်နိုင်စွမ်းရှိနေပါတယ်။

 

ဒါ့အပြင် ပိုမိုခံနိုင်ရည်ရှိပြီး တွေ့မြင်ရန် ခက်ခဲတဲ့မျက်နှာပြင်ဖြင့် ပြုလုပ်ထားကာ ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်တို့ သက်သာနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

 

#World_News #အမေရိကန်လေတပ် #ဗုံးကြဲလေယာဉ်အသစ် #Source: Reuters