#World_Health

Published  - 30 December 2021


အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းကနေ ဒယ်လ်တာမျိုးဗီဇကွဲ ခုခံအားကိုရရှိနိုင်ကြောင်း တောင်အာဖရိကမှာ အင်္ဂါနေ့က တွေ့ရှိချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။အဲဒီလေ့လာတွေ့ရှိချက်ကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ခြင်းမလုပ်ရသေးပါဘူး။

အိုမီခရွန်ကူးစက်ဖူးတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေနဲ့ ကာကွယ်ဆေးမထိုးထားတဲ့သူ ၁၅ ဦးကို စတင်လေ့လာခဲ့ကြပါတယ်။သိပ္ပံပညာရှင်တွေက နောက် ၁၄ ရက်အကြာမှာ အိုမီခရွန်နဲ့ ဒယ်လ်တာကို ချေဖျက်နိုင်မလားဆိုတာကို နမူနာအသားစယူပြီး စောင့်ကြည့်ခဲ့ကြပါတယ်။

အိုမီခရွန်ကို မချေဖျက်နိုင်တဲ့ လူ ၂ ယောက်ကိုတော့ လေ့လာချက်ကနေ ဖယ်ရှားခဲ့ပါတယ်။
ကျန်တဲ့ ၁၃ ဦးမှာတော့ အိုမီခရွန်မျိုးဗီဇကွဲကို ချေဖျက်နိုင်စွမ်းဟာ ၁၄ ဆ များပြားလာပြီး ဒယ်လ်တာမျိုးဗီဇကွဲ ချေဖျက်နိုင်စွမ်းကတော့ ၄.၄ ဆ များပြားလာပါတယ်။

ကာကွယ်ဆေးထိုးထားတဲ့အချို့လူတွေမှာ အစောပိုင်းဗိုင်းရပ်စ်မျိုးဗီဇကွဲတွေ ကူးစက်ထားဖူးတာကြောင့် အိုမီခရွန်ကူးစက်ခြင်းက ဒယ်လ်တာမျိုးဗီဇကွဲကို ချေဖျက်နိုင်တယ်ဆိုတာကို အတိအကျပြောလို့တော့ မရပါဘူး။

"ဒီစမ်းသပ်ချက်မှာပါဝင်တဲ့သူအတော်များများဟာ ရောဂါကူးစက်ခံရဖူးပြီး လူတဝက်ကျော်ဟာလည်း ကိုဗစ်ကာကွယ်ဆေးထိုးထားပါတယ်။ ဒါကြောင့် အိုမီခရွန်ကူးစက်မှုကရတဲ့ antibody က ဒယ်လ်တာမျိုးဗီဇကွဲကို ခုခံစေတာလား၊ အရင်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် antibody ခုခံအားထွက်ရှိလာတာလား၊ ကာကွယ်ဆေးကြောင့် ခုခံအားရတာလားဆိုတာကို သေသေချာချာ မသိရသေးပါဘူး" လို့ တွေ့ရှိထားပါတယ်။

အဲဒီထဲက ၇ ဦးက ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသားသူတွေဖြစ်ကြပါတယ်။
အဆိုပါ ၁၅ ဦးထဲက ၁၁ ဦးက ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ကုသရဖူးပြီး အောက်ဆီဂျင်အကူတော့ မလိုအပ်ခဲ့ပါဘူး။အဲဒီလေ့လာမှုကို အာဖရိကကျန်းမာရေးသုတေသနအဖွဲ့အစည်းမှ အဲလက်စ်ဆစ်ဂယ်လ်က ဦးဆောင်တာဖြစ်ပါတယ်။

"အိုမီခရွန်ကူးစက်ခဲ့တဲ့လူတွေမှာ အိုမီခရွန်ခုခံအား မြင့်တက်လာဖို့မျှော်လင့်ပါတယ်။ အဲဒီလူတွေထဲက ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ဒယ်လ်တာမျိုးဗီဇကွဲ ခုခံအားပါ မြင့်တက်လာတာကို တွေ့ရပါတယ်"လို့ ဆစ်ဂယ်လ်က တွစ်တာမှာဖော်ပြထားပါတယ်။

အိုမီခရွန်က ရောဂါမပြင်းထန်စေတဲ့အပြင် အိုမီခရွန်ကူးစက်ပြီးသားလူတွေမှာ အရင်မျိုးဗီဇကွဲတွေ ကူးစက်နိုင်ချေနည်းသွားမယ်ဆိုပါက အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းဖြင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒယ်လ်တာမျိုးဗီဇကွဲကို ဖယ်ထုတ်လောက်နိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီလိုသာ ဖယ်ရှားနိုင်မယ်ဆိုရင် ကိုဗစ်ရောဂါကို လူသားတွေ သိပ်ပြီးစိုးရိမ်စရာမလိုတော့ပါဘူးလို့ ဆစ်ဂယ်လ်က ဆိုပါတယ်။တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ အလွန်ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲနဲ့ ပတ်သက်ပြီး အချက်အလက်သိရှိမှုတွေမှာ ဆစ်ဂယ်လ်ရဲ့ လေ့လာချက်တွေက ရှေ့ဆုံးမှာရှိနေပါတယ်။

"အစ္စရေးလ်နဲ့ ကမ္ဘာတဝန်းမှာ အိုမီခရွန်ကူးစက်သူတွေ များပြားလာမယ်လို့ မျှော်မှန်းထားပြီး သူတို့ကြောင့် ဒယ်လ်တာနဲ့ အခြားမျိုးဗီဇကွဲတွေ ပပျောက်ကာ ခုခံအားတွေ မြင့်တက်လာနိုင်လောက်ပါတယ်" လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။

အိုမီခရွန်ကြောင့် ကိုဗစ်ရောဂါဖြစ်ပွားမှုက ဒယ်လ်တာလောက် ဆေးရုံတက်ကုသခံယူမှုမများဘူးလို့ ပြီးခဲ့တဲ့အပတ်က ဗြိတိန်မှာ လေ့လာချက် ၂ ခုကို ထုတ်ပြန်ခဲ့ပါတယ်။
အိုမီခရွန်ကူးစက်မှုမှာ ရောဂါပြင်းထန်မှုနှုန်းနည်းပါးခြင်းက အဆိုပါမျိုးဗီဇကွဲရဲ့ သဘာဝဗီဇကြောင့်လား ဒါမှမဟုတ် အရင်ကူးစက်ခဲ့မှုတွေနဲ့ ကာကွယ်ဆေးထိုးနှံခြင်းတို့ကြောင့် ရောဂါခုခံအားမြင့်တက်လာကာ ရောဂါလျော့ကျစေတာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source: ‌The Times of Israel