#World_Health
Published 26 November 2023


စမတ်ဖုန်းအသုံးပြုပြီး ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတခြမ်းကိုက်ခြင်း ပုံမှန်ခံစားရသူတွေဟာ အကိုက်အခဲပျောက်ဆေးသောက်ပြီး သက်သာအောင် ပိုမိုပြုလုပ်လေ့ရှိကြောင်း အိန္ဒိယဆေးသိပ္ပံအဖွဲ့အစည်း (AIIMS)မှ သုတေသီများက ပြောကြားလိုက်ပါတယ်။

 

အခြားရောဂါ အခြေအနေများကြောင့် မဟုတ်ဘဲ ခေါင်းကိုက်ဝေဒနာ အမျိုးမျိုး ခံစားနေရတဲ့ အိန္ဒိယမှ လူပေါင်း ၄၀၀ ကို သုတေသီများ လေ့လာခဲ့ကြပါတယ်။

 

ဒီထက်ပိုမို ကြီးမားကျယ်ပြန့်စွာ လေ့လာရဦးမှာဖြစ်ပေမယ့် စမတ်ဖုန်းအသုံးပြုခြင်းက ပိုမိုတွင်ကျယ်လာပြီး အခြားဝေဒနာတွေထက် ခေါင်းကိုက်ခြင်းက အဖြစ်အများဆုံး ဖြစ်လာကာ စိုးရိမ်စရာဖြစ်နေတယ်လို့ AIIMS မှ စာတမ်းပြုစုသူ ဒီ့ပ်တီဗီဘာက ပြောပြသွားပါတယ်။

 

လေ့လာချက်အရ စမတ်ဖုန်း အသုံးပြုခြင်းကြောင့် အကိုက်အခဲပျောက်ဆေးများ ပိုမိုသုံးစွဲကြတာ မဟုတ်ဘဲ ဆက်စပ်ရုံသာ တွေ့ရှိထားပါတယ်။

 

လူ ၄၀၀ ထဲမှာ ၂၀၆ ယောက်က စမတ်ဖုန်း အသုံးပြုသူများဖြစ်ပြီး ၁၉၄ ဦးကတော့ အသုံးမပြုသူတွေ ဖြစ်ပါတယ်။

 

စမတ်ဖုန်း အသုံးမပြုသူတွေက အသက်ကြီးသူတွေဖြစ်ကာ အတန်းပညာ၊ လူမှုပေါင်းသင်းရေး နိမ့်ကျသူ အများစုပါဝင်ပါတယ်။

 

စမတ်ဖုန်း အသုံးပြုသူများထဲမှာ အကိုက်အခဲပျောက်ဆေး သုံးစွဲသူ ၉၆ ရာခိုင်နှုန်းရှိပြီး ဖုန်းအသုံးမပြုသူတွေထဲမှာတော့ ၈၁ ရာခိုင်နှုန်း ရှိနေပါတယ်။

 

ဖုန်းအသုံးပြုသူတွေက တစ်လကို ဆေး ၈ လုံးခန့်သုံးစွဲကြပြီး ဖုန်းအသုံးမပြုသူတွေကတော့ ၅ လုံးခန့် အသုံးပြုကြပါတယ်။

 

စမတ်ဖုန်း အသုံးပြုသူတွေက ဆေးကြောင့် ဝေဒနာသက်သာမှုနှုန်းက ၈၄ ရာခိုင်နှုန်းရှိပြီး ဖုန်းအသုံးမပြုသူတွေကတော့ သက်သာမှုနှုန်း ၉၄ ရာခိုင်နှုန်း ရှိနေပါတယ်။

 

ခေါင်းကိုက်ဝေဒနာ ဘယ်နှကြိမ်လောက် ဖြစ်တတ်သလဲ၊ ဖြစ်ရင် ဘယ်လောက်ကြာလဲ၊ ဘယ်လောက်အထိ ပြင်းထန်လဲ ဆိုတာတွေကိုတော့ ခွဲခြားခြင်း မလုပ်ခဲ့ပါဘူး။

 

လေ့လာမှုတွေကို တစ်ချိန်ထဲမှာ တစ်ကြိမ်သာ ပြုလုပ်ခဲ့တာဖြစ်သလို အချိန်ကြာမြင့်စွာ ဆက်လက်လေ့လာနေတာမျိုးလည်း မလုပ်ခဲ့ပါဘူး။

 

ပြဿနာရင်းမြစ်ကို သေချာမသိရသေးဘဲ လာမယ့်နှစ်တွေမှာတော့ အဖြေပေါ်ထွက်လာနိုင်ကြောင်း အမေရိကန် အာရုံကြောဗေဒအကယ်ဒမီမှ ဟေဒီမိုအာဝက်ဒ်က ပြောပြသွားပါတယ်။

#World_Health #စမတ်ဖုန်းအသုံးပြုခြင်း #ခေါင်းကိုက်ဝေဒနာပိုမိုဆိုးရွားနိုင် #Source: DoctorNDTV