#World_Health
Published 31 August 2024


▪️ လူသားတွေရဲ့ မျက်လုံးဟာ အရေးကြီးဆုံး အာရုံခံအင်္ဂါတွေထဲက တစ်ခုဖြစ်ပြီး နေ့စဉ်နေထိုင်မှုဘဝတွေမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။

 

▪️ ဒါပေမဲ့ ခေတ်မီလူမှုနေထိုင်မှုပုံစံတွေကြောင့် အမြင်အာရုံ ထိခိုက်လာကြကာ မျက်လုံးကို အကာအကွယ် ပေးနိုင်မယ့် အလေ့အကျင့်တွေ ပြုလုပ်ဖို့ လိုလာပါတယ်။

 

▪️ လူသားတွေရဲ့ မျက်စိမြင်ကွင်းက သာမန်အလင်းအာရုံခံ ဆဲလ်တွေအဖြစ်ကနေ တိကျစွာမြင်နိုင်တဲ့ အင်္ဂါများအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာတာ ဖြစ်ပါတယ်။

 

▪️ ရှေးခေတ်က သားကောင်တွေကို ရှာဖွေခြင်းနဲ့ ကွဲပြားတဲ့ ပတ်ဝန်းကျင် အနေအထားတို့ကို သိရှိရုံသာ စွမ်းဆောင်ခဲ့ရာကနေ အခုဆိုရင် အရောင်ခွဲခြားခြင်း၊ အကွာအဝေး အမျိုးမျိုးရှိ အရာများကို ကြည့်ရှုခြင်းတို့ပါ ပြုလုပ်လာနိုင်ပါတယ်။

 

▪️ ယခုအခါ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ အကြည့်များလာခြင်းကြောင့် အမြင်အာရုံ ထိခိုက်လာကြကာ မျက်လုံးနဲ့ အမြင်အာရုံကို ကျန်းမာစေမယ့် နည်းလမ်းများ မျှဝေလိုက်ပါတယ်။

 

(၁) ၂၀-၂၀-၂၀ စည်းမျဉ်းကျင့်သုံးပါ
▪️ ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့ကြည့်တဲ့အခါ မိနစ် ၂၀ ကြာတဲ့အခါတိုင်း ပေ ၂၀ ဝေးတဲ့အရာကို စက္ကန့် ၂၀ ကြာကြည့်ရှုပေးရမှာ ဖြစ်ပါတယ်။

 

▪️ ဒါမှသာ မျက်လုံးကြွက်သား ပြေလျော့ပြီး အဝေးမှုန်ခြင်း ဖြစ်နိုင်ခြေနည်းမှာ ဖြစ်ပါတယ်။

 

(၂) မျက်လုံးအာဟာရဓာတ်ရအောင် စားသုံးပါ
▪️ ဟင်းနုနွယ်၊ ကိုက်လံ၊ ကြက်ဥတို့မှာပါတဲ့ လူတိန်း၊ ဇီဇန်သင်း၊ ကယ်ရိုတီနွိုက်တို့က ဖုန်း၊ ကွန်ပျူတာတို့ကနေ ထွကတဲ့ အလင်းပြာတွေကနေ မျက်လုံးကို ကာကွယ်ပေးပါတယ်။

 

▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်က မျက်လွှာဆဲလ် ဖွဲ့စည်းပုံကို ထိန်းသိမ်းပေးကာ မျက်စိရောဂါများမှ ကာကွယ်ပေးပါတယ်။

 

(၃) ရေဓာတ်ပြည့်အောင်နေပါ
▪️ ရေဓာတ်လုံလောက်ပါမှ မျက်ရည်လွှာကို ထိန်းသိမ်းပေးပြီး အမှုန်၊ ပိုးမွှားများမှ ကာကွယ်ပေးပါတယ်။

 

▪️ ရေဓာတ်ခန်းခြောက်ပါက မျက်လုံးခြောက်ခြင်းနဲ့ ရောဂါပိုးများ ဝင်ရောက်နိုင်ပါတယ်။

 

(၄) မျက်လုံးစစ်ဆေးမှုပုံမှန်ပြုလုပ်ပါ
▪️ အမြင်အာရုံ ပြဿနာများ ဆိုးရွားမလာခင် သိရှိဖို့အတွက် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
အချို့သော ရောဂါတွေက အစောပိုင်းမှာ လက္ခဏာမသိသာဘဲ ဖြစ်လာတဲ့အချိန်မှာတော့ ကုသလို့မရအောင် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

 

(၅) အလုပ်ခွင်နေရာမှာသတိပြုထိန်းသိမ်းပါ
▪️ ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ မျက်နှာနဲ့ ဖန်သားပြင် ၂၀ မှ ၃၀ လက်မလောက် ကွာဝေးအောင်နေပြီး မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်ပါစေ။

 

▪️ အခန်းအလင်းရောင်နဲ့အညီ ကွန်ပျူတာ ဖန်သားပြင်အလင်းကို ချိန်ညှိပြီး အလင်းအကာအကွယ်လည်း တပ်ဆင်နိုင်ပါတယ်။

 

(၆) ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပါ
▪️ မျက်လုံးကို ခရမ်းလွန်ရောင်ခြည် ထိတွေ့တဲ့အခါ ရေတိမ်ဖြစ်နိုင်သလို မျက်ကြည်လွှာကိုလည်း ထိခိုက်စေပါတယ်။

 

▪️ ဒါကြောင့် အပြင်ထွက်တဲ့အခါ UV ရောင်ခြည်တွေကို အပြည့်အဝတားဆီးပေးတဲ့ နေကာမျက်မှန်တွေ တပ်ဆင်သင့်ပါတယ်။

 

(၇) အိပ်ရေးဝအောင်အိပ်ပါ
▪️ မျက်လုံးတစ်ရှူးများ ပြုပြင်ဖြစ်ပေါ်ဖို့ အိပ်စက်ခြင်းက အရေးကြီးပါတယ်။

 

▪️ အိပ်နေစဉ်မှာ မျက်လုံးဟာ အာဟာရဓာတ်များဖြင့် ပြန်လည်ဖြည့်ဆည်းပြီး မျက်ရည်လွှာများ ပြန်ဖြစ်ပေါ်ပါတယ်။

 

#Source: DoctorNDTV