၁၇ ဖေဖော်ဝါရီ ၂၀၂၅

လူကြိုက်များသည့်ရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့ "The Man from Nowhere" နှင့် "The Neighbors" ဇာတ်ကားတွေနှင့်လူသိထင်ရှားခဲ့တဲ့ တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး ကင်မ်ဆေးယွန် Kim Sae-ron ဟာ ဖေဖော်ဝါရီ ၁၆ရက် တနင်္ဂနွေနေ့က နေအိမ်မှာ သေဆုံးနေတာကို တွေ့ရတယ်လို့ ရဲကပြောပါတယ်။

အသက် ၂၄နှစ်သာရှိသေးတဲ့ ကင်မ်ဆေးယွန်ကို  ဆိုးလ်မြို့အရှေ့ဖက် ဆွန်ဆုဒွန် Seongsu-dong မှာ ရှိတဲ့ သူမရဲ့အိမ်မှာ တနင်္ဂနွေနေ့ ညနေ၄နာရီ ၅၅ မိနစ်ခန့်မှာ သူမဆီ လာလည်တဲ့သူငယ်ချင်း တစ်ယောက်က   သေဆုံးနေတာတွေ့ကြရတာဖြစ်ပါတယ်။

“ ဘာကြောင့်သေဆုံးတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်။ အသတ်ခံရတဲ့ လက္ခဏာတော့ မတွေ့ရဘူး” လို့ရဲအရာရှိတစ်ဦးကပြောပါတယ်။

၂၀၂၂ခုနှစ်မှာတော့ သူမဟာ အရက်သောက်ပြီးကားမောင်းခဲ့လို့ ကားက လမ်းဘေးအရံအတားနှင့် ထရမ်စဖော်မာကို ဝင်တိုက်ခဲ့တာကြောင့် အဖမ်းခံရပါတယ်။ သူမဟာ အဲဒီတုန်းက ကိုရီးယား ဝမ်ငွေ သန်း၂၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလာက သူမ ရုပ်သရုပ်ဆောင်လုပ်ငန်းပြန်လုပ်ဖို့ကြိုးစားတဲ့အနေနှင့် ပြဇာတ်တစ်ခုမှာပြန်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူမရဲ့ကျန်းမာရေးပြဿနာကြောင့် ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။

Source : yonhapNews