၉ ဖေဖော်ဝါရီ ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီ ဘလင်ကန်နှင့် အမျိုးသား လုံခြုံရေးအကြံပေးဟောင်း ဂျိတ်ဆူလီဗန်တို့ရဲ့ လုံခြုံရေးခွင့်ပြုမှုတွေကို ဖျက်သိမ်းလိုက်တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောကြပါတယ်။

သူ့အနေနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို နေ့စဉ်ထောက်လှမ်းရေးအစီရင်ခံစာတွေကို ကြည့်ရှုနေမှု တားဆီးဖို့အတွက် ဘိုင်ဒင်ရဲ့လုံခြုံရေးခွင့်ပြုမှုကို ဖျက်သိမ်းပစ်မယ်လို့ ထရမ့်ကပြောအပြီး နောက်တစ်ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် အမျိုးသားအကြံပေးဟောင်းတို့ရဲ့ လုံခြုံရေးခွင့်ပြုမှုတွေကို ဖျက်သိမ်းပစ်လိုတာဖြစ်ပါတယ်။

အဲဒီအပြင် ဘိုင်ဒင်ရဲ့ဒုတိယရှေ့နေချုပ် လီဇာမွန်နာကိုရဲ့ လုံခြုံရေးခွင့်ပြုချက်ကိုလည်း ထရမ့်က ဖျက်သိမ်း ပစ်လိုက်ပါတယ်။သူမဟာ ၂၀၂၁ ဇန်နဝါရီ ၆ရက်က ထရမ့်ကိုထောက်ခံသူတွေ ကွန်ဂရက် အဆောက်အဦကို ဝင်စီးတဲ့ကိစ္စနှင့်ပတ်သက်ပြီး တရားစွဲဖို့ ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။

ထရမ့်ဟာ နယူးယောက်ရှေ့နေချုပ် လက်တီရှာဂျိမ်းစ်နှင့် မန်ဟန်တန်ခရိုင်ရှေ့နေ အယ်ဗင် ဘရက်တို့ရဲ့ လုံခြုံရေးခွင့်ပြုချက်တွေကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။သူတို့နှစ်ဦးကလည်း ထရမ့်ကိုတရားစွဲဖို့ကိစ္စ ဦးဆောင်ခဲ့ကြသူတွေပါ။

အမေရိကန်သမ္မတဟောင်းတွေကို အစဉ်အလာအရကို လုံခြံရေးခွင့်ပြချက်တွေ ဆက်ပေးထား တတ်ပါတယ်။ သူတို့အနေနှင့် ထောက်လှမ်းရေးသတင်းအစီရင်ခံစာတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး  အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒတွေနှင့်ပတ်သက်လာရင် အာဏာရှိသမ္မတကို ကူညီပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ ဘိုင်ဒင် သမ္မတဖြစ်လာတဲ့အခါ ထိုစဉ်က သမ္မတဟောင်း ထရမ့်ရဲ့ လုံခြုံရေးခွင့်ပြုချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

Source Reuters