#World_News
Published 01 August 2024


▪️ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာဟာ ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်းက အီရန်မြို့တော်တာရန်မှာ အသတ်ခံခဲ့ရသဖြင့် အစ္စရေးလ်အပေါ် လက်တုန့်ပြန်မှုများ ခြိမ်းခြောက်လာနိုင်ကာ အရှေ့အလယ်ပိုင်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်လာရပါတယ်။

 

▪️ ပါလက်စ်တိုင်းအစ္စလာမ် စစ်သွေးကြွအဖွဲ့နဲ့ အီရန်တော်လှန်ရေးအစောင့်အဖွဲ့တို့က ဟာနီယာသေဆုံးမှုကို အတည်ပြုခဲ့ပြီး အီရန်သမ္မတသစ် ကျမ်းသစ္စာကြိမ်ပွဲအခမ်းအနားကို တက်ရောက်ပြီး နာရီပိုင်းအကြာမှာပဲ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

 

▪️ ဟာနီယာသေစေခဲ့တဲ့ တိုက်ခိုက်မှုကို အစ္စရေးလ်တို့ ပြုလုပ်တယ်လို့ ယူဆရပေမယ့် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အစိုးရအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို ပြုလုပ်တယ်လို့ မပြောထားသလို ဘာမှတ်ချက်မှ မပြောထားပါဘူး။

 

▪️ ဟာနီယာဟာ တည်းခိုခန်းတစ်ခုမှာ နေထိုင်နေရင်း ဒုံးကျည်တစ်စင်း တိုက်ရိုက်ထိမှန်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဟားမတ်စ်အကြီးတန်းအရာရှိ ခါလီအယ်ဟေယာက ပြောကြားခဲ့ပါတယ်။

 

▪️ ဟာနီယာဟာ ပုံမှန်အားဖြင့် ကာတာမှာ အခြေချနေထိုင်ပြီး ဟားမတ်စ်ဘက်မှ နိုင်ငံတကာသံတမန်ရေးကိစ္စတွေရဲ့ မျက်နှာဖုံးရှင် ဖြစ်ပြီး ဂါဇာစစ်ပွဲ အပစ်အခတ် ရပ်စဲရေးရရှိဖို့ ကြားဝင်ညှိနှိုင်းရာမှာ ပါဝင်ခဲ့ပါတယ်။

 

▪️ အစ္စရေးလ်ကတော့ အီရန်ဘက်ကို တိုက်ခိုက်နေပြီး ရန်လိုတိုက်ခိုက်မှုမှန်သမျှ တုန့်ပြန်သွားမယ်လို့ နေတန်ညာဟူက ပြောထားပါတယ်။

 

▪️ ယခု အဖြစ်အပျက်ကြောင့် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကြိုးပမ်းရေးကို ထိခိုက်ဖွယ်ရှိနိုင်ပြီး ဟားမတ်စ် လက်နက်ကိုင်တပ်ခွဲက တိုက်ပွဲပုံစံအသစ် ဖြစ်ပေါ်လာနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။

 

▪️ အီရန်က လက်စားချေဖို့ ကြုံးဝါးလိုက်ကာ ၃ ရက်တိုင် တစ်နိုင်ငံလုံး ပူဆွေးဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပြီး အစ္စရေးလ်ကို ထောက်ပံ့တဲ့ အမေရိကန်အနေဖြင့် တာဝန်ယူရမယ်လို့ ဆိုလိုက်ပါတယ်။

 

▪️ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ပါလက်စ်တိုင်း လိုလားသူတွေက လမ်းပေါ်မှာ ဆန္ဒပြနေကြပါတယ်။

 

▪️ အမေရိကန်ကတော့ ဒီဖြစ်ရပ်ကြောင့် တင်းမာမှုထပ်မံမြင့်တက်လာမှာ စိုးရိမ်ကြောင်း၊ ဒီလိုမဖြစ်အောင် လုပ်ဆောင်နေကြောင်း အိမ်ဖြူတော်လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

 

▪️ အမေရိကန်က နိုင်ငံသားတွေကို လက်ဘနွန်သို့ မသွားရန် အကြံပြုထားပြီး တဲလ်အေဗစ်ကိုသွားမယ့် အမေရိကန်လေကြောင်းလိုင်း ၂ ခုဖြစ်တဲ့ ယူနိုက်တက်နဲ့ ဒယ်လ်တာတို့ရဲ့ ခရီးစဉ်များကို ရပ်ဆိုင်းထားပါတယ်။

 

▪️ အစ္စရေးလ်တို့က ဟက်ဇ်ဘိုလာရဲ့ စီနီယာအကျဆုံး စစ်ရေးတပ်မှူးကွန်မန်ဒါကို သတ်ခဲ့ပြီး ၂၄ နာရီမပြည့်မီမှာပဲ ဟာနီယာသေဆုံးတဲ့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ အဖွဲ့အစည်းတစ်ခုက ရန်သူဘက်မှ ငြိမ်းချမ်းရေးညှိနှိုင်းသူကို လုပ်ကြံလိုက်တဲ့အတွက် ညှိနှိုင်းရေးက ဘယ်လိုအထမြောက်တော့မှာလဲလို့ ကာတာဝန်ကြီးချုပ် ရှိတ်ခ်မိုဟာမက်ဘင် အက်ဘ်ဒူရာမန်အယ်ထနီက X ဆိုရှယ်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။

 

#Source: Reuters