#World_News
Published 31 July 2024
▪️ အစ္စရေးလ်စစ်တပ်က အင်္ဂါနေ့မှာ လက်ဘနွန်မြို့တော် ဘိုင်ရုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှာ ဟက်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့မှ ဝါအရင့်ဆုံး တပ်မှူးကွန်မန်ဒါတစ်ယောက် သေဆုံးခဲ့တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

 

▪️ ဒါဟာ လွန်ခဲ့တဲ့ ၃ ရက်က ဟက်ဇ်ဘိုလာတို့ နယ်စပ်ကိုကျော်ပြီး ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့တယ်လို့ ပြစ်တင်ခဲ့ကာ အစ္စရေးလ်လူငယ် ၁၂ ဦးသေဆုံးစေခဲ့တဲ့ ဖြစ်စဉ်ကို လက်တုန့်ပြန်တဲ့သဘော ဖြစ်ပါတယ်။

 

▪️ ဘိုင်ရုမြို့ တောင်ပိုင်းဆင်ခြေဖုံးရှိ အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့ အခြေကုပ်စခန်းတစ်ခုတည်ရှိရာ နေရာအထက်ကနေ ညနေ ၇ နာရီ ၄၀ မိနစ်ခန့်မှာ ပေါက်ကွဲသံကြီးကြားရပြီး မီးခိုးတွေ ထွက်လာခဲ့တယ်လို့ ရိုက်တာမှ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။



▪️ အစ္စရေးလ်တွေကို သတ်ခဲ့တဲ့တရားခံ ဖော့ရှုကာကို သတ်နိုင်ခဲ့ကြောင်း၊ ဒီညမှာ အစ္စရေးလ်တွေရဲ့ သွေးကြွေးကို ဆပ်နိုင်ခဲ့ကြောင်း၊ ဒီစစ်ပွဲကြီး အဆုံးသတ်သည်အထိ အစ္စရေးလ်တပ်တွေ မမီနိုင်တဲ့နေရာမရှိကြောင်း အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟက်ဇ်ဘိုလာဘက်က ပြောဆိုခြင်းမရှိသေးပါဘူး။

 

▪️ အစ္စရေးလ်ကို စနေနေ့က ဒုံးကျည်တိုက်ခိုက်ခဲ့မှုမှာ မပါဝင်ဘူးလို့တော့ ငြင်းထားပါတယ်။
ဘိုင်ရုမှာရောက်နေတဲ့ အခြားနိုင်ငံမှ လုံခြုံရေး သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ ရှုကာဟာ တိုက်ခိုက်မှုအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။

 

▪️ ရှုကာဟာ စနေနေ့တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့သူဖြစ်ပြီး ဟက်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူး ဟာဆန်နက်စ်ရယ်လာအတွက် အရေးကြီးဆုံးအကြံပေး ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။

 

▪️ ဘိုင်ရုမြို့ကို အစ္စရေးလ်တိုက်ခိုက်ရာမှာ အရပ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာနဲ့ လုံခြုံရေးရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောပြပါတယ်။

 

▪️ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနကတော့ ၃ ဦးသေဆုံးတဲ့အပြင် ၇၄ ဦးဒဏ်ရာရခဲ့တယ်လို့ အယ်လ်မာနာတီဗီက ဖော်ပြထားပါတယ်။

 

▪️ အစ္စရေးလ်ဘက်က လူငယ်တွေ သေဆုံးသွားတာက တင်းမာမှုမြင့်တက်လာနိုင်တာကို အနောက်တိုင်းက စိုးရိမ်နေပါတယ်။

 

▪️ နှစ်ဖက်စလုံး အခြေအနေ တင်းမာမှုတွေကို လျှော့ချဖို့ ကုလသမဂ္ဂ အထူးသံတမန် ဂျင်နင်းဟန်နစ်ပလက်စ်ချာ့က တောင်းဆိုလိုက်ပါတယ်။

 

▪️ လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး အက်ဒူလာဘိုဟာဘစ်က အစ္စရေးလ်တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂကို တိုင်ကြားရန် စီစဉ်နေပါတယ်။

 

▪️ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဂါဇာမှာ စစ်ပွဲစတင်ဖြစ်ပွားကတည်းက ဟက်ဇ်ဘိုလာနဲ့ အစ္စရေးလ်တို့ အပြန်အလှန်တိုက်ခိုက်နေခဲ့ကြပါတယ်။

 

#Source: Reuters