#World_Health
Published 29 July 2024


▪️ ခုံပေါ်မှာ ထိုင်ပြီးအနားယူမယ့်အစား အိပ်ရာမဝင်ခင်မှာ သာမန်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ပိုမိုကြာရှည်စွာ အိပ်ပျော်စေနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ထားပါတယ်။

 

▪️ ယခင်လေ့လာချက်တွေမှာ အိပ်ရာမဝင်ခင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးပြုလုပ်ပါက နှလုံးခုန်နှုန်းနဲ့ ကိုယ်အပူချိန် မြင့်တက်စေကာ အိပ်ပျော်ဖို့ ခက်ခဲစေတယ်လို့ ထင်ခဲ့ပေမယ့် နယူးဇီလန် အော်တာဂိုတက္ကသိုလ်မှ သုတေသီတွေက အပေါ့စားလှုပ်ရှားမှု ပြုလုပ်ခြင်းကို လေ့လာခဲ့ပါတယ်။



▪️ ဒီလှုပ်ရှားမှုကတော့ ညနေခင်းမှာ နာရီဝက်ခြားတစ်ခါ ၃ မိနစ်ခန့်လေ့ကျင့်ခန်းကို ၄ နာရီကျော်အချိန်အတွင်း ပြုလုပ်ရတာ ဖြစ်ပါတယ်။

 

▪️ ဆေးလိပ်မသောက်တဲ့ လူတွေကို စမ်းသပ်ဖို့ခေါ်ယူခဲ့ကာ ထိုလူတွေဟာ အလုပ်မှာ ၅ နာရီကျော်ထိုင်ရပြီး ညနေပိုင်းမှာ ၂ နာရီလောက် ထိုင်ကြရပါတယ်။

 

▪️ ၇ ရက်ဆက်တိုက် ကြံ့ခိုင်မှုတိုင်းတာပစ္စည်း တပ်ဆင်ထားပြီး အိပ်ရာဝင်ချိန်၊ အိပ်ရာနိုးချိန်၊ လှုပ်ရှားချိန်တွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။

 

▪️ တစ်ဖွဲ့ကိုတော့ ညနေ ၅ နာရီကစပြီး တစ်ချိန်လုံးထိုင်ခိုင်းထားခဲ့ပြီး နောက်တစ်ဖွဲ့ကိုတော့ ၄ နာရီအတွင်း မိနစ် ၃၀ နေတိုင်း ၃ မိနစ်စာ သာမန်လှုပ်ရှားမှု ပြုလုပ်စေခဲ့ပါတယ်။

 

▪️ ထိုလှုပ်ရှားမှုတွေထဲမှာ ထိုင်ထလုပ်ခြင်း၊ ခြေသလုံးမြှောက်ခြင်း၊ ဒူးမြှောက်ခြင်းတို့ကို စက္ကန့် ၂၀ စီပြုလုပ်ရပါတယ်။

 

▪️ ဒီလေ့ကျင့်ခန်းတွေက နေရာအများကြီး မလိုအပ်သလို အခြားအရာလုပ်ရင်းနဲ့လည်း ပြုလုပ်နိုင်ပါတယ်။

 

▪️ အိမ်ထဲမှာ လမ်းလျှောက်နေခြင်း၊ ကခုန်ခြင်း၊ အဓိကကတော့ မထိုင်ဘဲနဲ့ လှုပ်ရှားနေဖို့ ဖြစ်တယ်လို့ သုတေသနပြုစုသူ မီရယ်ဒစ်ပက်ဒီက ဆိုပါတယ်။

 

▪️ လေ့ကျင့်ခန်းလုပ်တဲ့အဖွဲ့က ကျန်အဖွဲ့ထက် အိပ်ချိန် ၂၇ မိနစ်ခန့် ပိုမိုကြာရှည်ခဲ့ပါတယ်။

 

▪️ ဒီလိုလေ့လာချက်က ပထမဆုံးဖြစ်ပေမယ့် စမ်းသပ်ခံလူဦးရေ နည်းပါးတာကိုတော့ သတိပြုရမှာပါ။

 

▪️ ဒါ့အပြင် အလွန်အမင်း ထိန်းချုပ်ခဲ့တဲ့ စမ်းသပ်ချက်က လက်တွေ့ဘဝနဲ့ ကွဲပြားနိုင်ပါသေးတယ်။

 

▪️ ကျွမ်းကျင်သူတွေကတော့ ရောဂါတွေ ဖြစ်နိုင်ခြေလျှော့နိုင်ဖို့ တစ်ညကို ၇ နာရီမှ ၉ နာရီအိပ်စက်ဖို့ အကြံပြုထားပါတယ်။

 

#Source: New York Post