#World_News
Published 23 July 2024


▪️ စည်းရုံးရေးပွဲတစ်ခုမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်းကိုယ်စားလှယ် ဒေါ်နယ်ထရမ့် ဒဏ်ရာရစေလောက်တဲ့အထိ လုပ်ကြံခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးယိုယွင်းမှုတွေရှိခဲ့တဲ့အပြင် ထိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အတိအကျ မရှင်းလင်းပြတဲ့အတွက် ရာထူးမှနုတ်ထွက်ပေးရန် နှစ်ဖက်ပါတီစလုံးမှ တောင်းဆိုနေကြတာတွေကို အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာနရဲ့ ညွှန်ကြားရေးမှူး ကင်ဘာလီချီတယ်လ်က ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

 

▪️ ကိစ္စအများစုမှာ ခါးခါးသီးသီး သဘောထားကွဲပြားနေကြတဲ့ အမေရိကန် အောက်လွှတ်တော်ကြီးကြပ်ရေး ကော်မတီရီပတ်ဘလစ်ကန်ဥက္ကဌ ဂျိမ်းစ်ကော်မာနဲ့ ဒီမိုကရက်ထိပ်သီးပုဂ္ဂိုလ် ဂျေမီရက်စ်ကင်တို့ဟာ ယခုချီတယ်လ်ကိစ္စမှာတော့ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါတယ်။


▪️ ယနေ့မှာတော့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပျက်ရတယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကာ လက်ရှိညွှန်ကြားရေးမှူးအနေနဲ့ ဦးဆောင်နိုင်မယ်လို့ မယုံကြည်နိုင်ကြောင်း ကော်မာက ချီတယ်လ်ကို ပြောခဲ့ပါတယ်။

 

▪️ ချီတယ်လ်ဟာ တိုင်းပြည်သမိုင်း အလွန်အရေးကြီးနေတဲ့ အချိန်ကျမှ လွှတ်တော်ရဲ့ ယုံကြည်မှုကို မရတော့ဘဲ ဒီကိစ္စကို မြန်မြန်လေး ဖြေရှင်းဖို့လိုတယ်လို့ ရက်စ်ကင်ကလည်း ပြောပါတယ်။

 

▪️ ချီတယ်လ်ကလည်း ယခုဇူလိုင် ၁၃ ရက်နေ့ အဖြစ်အပျက်ဟာ လုံခြုံရေးအခြေအနေ အဆိုးရွားဆုံးတွေထဲက တစ်ခုဖြစ်ခဲ့တာကို ဝန်ခံခဲ့ပေမယ့် ယခုအချိန်မှာ လျှို့ဝှက်ထောက်လှမ်းရေးဌာနကို ဦးဆောင်ဖို့ သူမသာအသင့်လျော်ဆုံးဖြစ်ကြောင်း ပြန်လည်ချေပလိုက်ကာ ရာထူးမှနုတ်ထွက်ဖို့ကို အကြိမ်ကြိမ် ခုခံခဲ့ပါတယ်။

 

▪️ ထိုနေ့စည်းရုံးရေးပွဲမှာ ဒေါ်နယ်ထရမ့်မိန့်ခွန်း ပြောကြားနေစဉ် တစ်စုံတစ်ယောက်က လုပ်ကြံဖို့ကြိုးစားခဲ့ရာ ထရမ့်ရဲနားရွက်တစ်ဖက် ဒဏ်ရာရခဲ့ပြီး စည်းရုံးရေးပွဲလာရောက်သူတစ်ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

 

▪️ အသက် ၂၀ အရွယ် သေနတ်ပစ်တရားခံ သောမတ်ခရွတ်စ်ကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ခဲ့ပြီး ယခုလိုလုပ်ကြံရခြင်း ရည်ရွယ်ချက်ကို သေချာမသိရသေးပါဘူး။

 

▪️ ထရမ့်ကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က လုံခြုံရေး အပြည့်အဝ မပေးခဲ့ဘူးလို့ ရီပတ်ဘလစ်ကန်ဘက်က ဆိုလိုက်ကာ ချီတယ်လ်ကတော့ ထိုဖြစ်စဉ်မဖြစ်ခင် သမ္မတဟောင်းအတွက် လုံခြုံရေးတိုးမြှင့်ပေးခဲ့တယ်လို့ ပြောပါတယ်။

 

▪️ ဒါ့အပြင် ထရမ့်စည်းရုံးရေးပွဲအတွက် လိုအပ်တဲ့လုံခြုံရေးကိုလည်း ဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

 

▪️ အတွင်းရေးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် ရက် ၆၀ လောက်ကြာမှ အချက်အလက် အတိအကျ သိရမယ်လို့ ချီတယ်လ်က ပြောခဲ့တဲ့အပေါ် နှစ်ဖက်ပါတီမှ လွှတ်တော်အမတ်တွေက ငြင်းဆန်လိုက်ပြီး ခြိမ်းခြောက်မှုတွေ မြင့်မားနေတဲ့အချိန်မှာ ရက် ၆၀ နေမှ အစီရင်ခံမယ်ဆိုတာဟာ လက်သင့်ခံစရာမရှိဘူးလို့ ဒီမိုကရက်တစ် ကိုယ်စားလှယ် အဲလက်ဇန်ဒရီယာအိုကေစီယိုကော်တက်ဇ်က ပြောသွားပါတယ်။

 

#Source: Reuters