#World_News
#
+++++++++++++++++++++
Published 22 July 2024
▪️ အမေရိကန်ဒုသမ္မတ ကာမယ်လာဟာရစ်က သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီမှ အဆိုပြုခံရသူအဖြစ် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ထောက်ခံချက် ရရှိတဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုက်ကာ သူမရဲ့ရည်မှန်းချက်က ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ၂၀၂၅ အစွန်းရောက်စီမံကိန်းကြီးကို အနိုင်ယူပြီး ပြည်ထောင်စုကို ပေါင်းစည်းရန်ဖြစ်ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။

▪️ အသက် ၈၁ နှစ်ရှိဘိုင်ဒင်က ၂၀၂၄ သမ္မတရွေးကောက်ပွဲကနေ နောက်ဆုတ်ရန် စီစဉ်နေကြောင်း တနင်္ဂနွေနေ့မှာ အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီးနောက် အိန္ဒိယနဲ့ အာဖရိကမျိုးနွယ်စပ် အဲရစ်ကို ဒီမိုကရက်တစ်ပါတီရဲ့ ဆန်ခါတင်စာရင်းမှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

▪️ ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့လက သမ္မတရွေးကောက်ပွဲဆိုင်ရာ စကားစစ်ထိုးပွဲတစ်ခုမှာ ရီပတ်ဘလစ်ကန်ပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ရာမှာ မရှုမလှဖြစ်ခဲ့ပြီးနောက် နောက်လိုက်ဒီမိုကရက်တစ်တွေက အပြင်းအထန် ဖိအားပေးလာကြကာ အခုတော့ အသက် ၅၉ နှစ်ရှိအဲရစ်ကို အဆိုပြုဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

▪️ ကာမယ်လာဟာရစ် ဟာ အမေရိကန်ရဲ့ ပထမဆုံးအမျိုးသမီး ပထမဆုံးလူမည်းလူမျိုး ပထမဆုံးတောင်အာရှလူမျိုး ဒုသမ္မတအဖြစ် ၂၀၂၁ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

▪️ ဒီမိုကရက်တစ်ပါတီမှ သမ္မတရွေးကောက်ပွဲပါဝင်ရန် အဆိုပြုခံရသူအဖြစ် ဘိုင်ဒင်ရဲ့ ထောက်ခံချက် ရရှိထားပေမယ့် လာမယ့်လ ချီကာဂိုမှာပြုလုပ်မယ့် ဒီမိုကရက်တစ် အမျိုးသားညီလာခံမှာ ပါတီမှကိုယ်စားလှယ်များကနေ ရွေးချယ်ခံရဖို့ လိုအပ်ပါသေးတယ်။

▪️ သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ထောက်ခံချက်ကိုလည်း ရရှိထားတာကြောင့် ထိုညီလာခံမှာ ကိုယ်စားလှယ်လောင်းအဖြစ် အနိုင်ရဖို့ ပိုမိုအားသာနေပါတယ်။

▪️ အမေရိကန်ရဲ့ သမ္မတအဖြစ် တိုင်းပြည်ကို ထူးခြားပြောင်မြောက်စွာ ဦးဆောင်ခဲ့ပြီး ဆယ်စုနှစ်တွေကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိုးဘိုင်ဒင်ကို အမေရိကန်တွေကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဒီမိုကရက်တစ်ပါတီနဲ့ ဒီပြည်ထောင်စုတိုင်းပြည်ကြီးကို စည်းလုံးညီညွတ်အောင် ပြုလုပ်ပြီး ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ၂၀၂၅ အစွန်းရောက်စီမံကိန်းကြီးကို အနိုင်ယူသွားဖို့ တတ်နိုင်သမျှ ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲရက် ရောက်ရှိရန် ရက် ၁၀၀ ကျော်သာလိုတော့ပြီး အတူတကွ ကြိုးစားကာ အနိုင်ရမှာဖြစ်ကြောင်း ဟာရစ်က ပြောသွားပါတယ်။

▪️ သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့ကလည်း ဟာရစ်ကို အဆိုပြုလိုကြောင်း ထောက်ခံလိုက်ကာ ဒေါ်နယ်ထရမ့် နောက်ထပ်တစ်ကြိမ် အုပ်ချုပ်မယ့်အန္တရာယ်ထက် ပိုဆိုးတာမရှိဘူးလို့ ပူးတွဲထုတ်ပြန်ထားပါတယ်။

▪️ တနင်္ဂနွေနေ့က ဘိုင်ဒင်ကြေညာခဲ့ရာမှာ "သမ္မတရွေးကောက်ပွဲ အဆိုပြုခံရသူအဖြစ် ကျွန်ုပ်မပါဝင်ရန် ဆုံးဖြတ်လိုက်ပြီး လက်ကျန်သမ္မတသက်တမ်းကာလကိုပဲ အာရုံစိုက်ထားမှာဖြစ်ပါတယ်၊ ၂၀၂၀ အဆိုပြုခံရစဉ်က ကာမယ်လာဟာရစ် ကို ဒုသမ္မတအဖြစ် ရွေးချယ်ဖို့က ပထမဆုံးဆုံးဖြတ်ချက် ဖြစ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကလည်း အကောင်းဆုံး ဖြစ်ခဲ့ပါတယ်" လို့ ပြောသွားပါတယ်။

▪️ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ယခုသီတင်းပတ်အတွင်း မိန့်ခွန်းပြောသွားဦးမယ်လို့လည်း ဆိုပါတယ်။

#Source: NDTV