၂၂ ဇူလိုင် ၂၀၂၄

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ သမ္မတအဖြစ်ပြန်လည်အရွေးခံမယ့် သူ့အစီအစဉ်ကိုလက်လွှတ်လိုက်ပြီလို့ တနင်္ဂနွေနေ့ (ဇူလိုင်၂၁)က ကြေညာပါတယ်။  သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တွေရဲ့ဖိအားတွေကြီးမားလာတဲ့ အတွက်ဘိုင်ဒင်ဟာ သမ္မတပြိုင်ပွဲကနေ နှုတ်ထွက်ပေးလိုက်တာဖြစ်ပြီး  နိုဝင်ဘာရွေးကောက်ပွဲမှာ ရီပတ်ဘလီကင်ရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ရင်ဆိုင်ဖို့ သူ့ရဲ့လက်ရှိဒုသမ္မတ ကာမလာဟာရစ်ကို ပါတီရဲ့ သမ္မတလောင်းအဖြစ်သူက ထောက်ခံပေးလိုက်ပါတယ်။

ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့လက ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အတွက် အများပြည်သူမြင်ကွင်းမှာ ကွယ်ပျောက်နေခဲ့ပြီး ဒီလာဝဲပြည်နယ် ရီဟိုဘုသ်ကမ်းခြေက သူ့ရဲ့အိမ်မှာ ကန့်သတ်နေထိုင်နေရတာဖြစ်ပါတယ်။

“ ကျွန်တော် ရွေးကောက်ပွဲပြန်ဝင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ  ကျွန်တော့်ပါတီနှင့်နိုင်ငံရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် ကျွန်တော်အဲဒီကနေထွက်လိုက်ပြီး ကျွန်တော့်ရဲ့သမ္မတလက်ကျန်သက်တမ်းမှာ အပြည့်အဝ တာဝန်ထမ်းဆောင်တာကိုပဲအာရုံစိုက်ဖို့ကို  ကျွန်တော်ယုံကြည်လိုက်ပါတယ်”လို့ ဘိုင်ဒင်က အိတ်စ် မှာ စာရေးတင်ခဲ့ပါတယ်။

ဘိုင်ဒင်ကြေညာပြီးသိပ်မကြာခင်မှာပဲ “ ဟာရစ်ဟာ ဂျိုးဘိုင်ဒင်ထက်တောင်ပိုပြီး အနိုင်ရဖို့လွယ်လိမ့်မယ်” လို့ ထရမ့်က စီအင်န်အင်န်ရုပ်သံကိုပြောကြားလိုက်ပါတယ်။

ဒီမိုကရက်တစ်အမျိုးသားကော်မတီဥက္ကဋ္ဌ ဂျေမီဟာရစ်ဆင်က  ပါတီရဲ့  သမ္မတလောင်းအဆိုပြုရွေးချယ်မှု နောက်အဆင့်တွေကို အမေရိကန်ပြည်သူတွေ မကြာမီကြားသိရပါမယ်လို့ ပြောပါတယ်။

လက်ရှိသမ္မတတစ်ဦးဟာ ပါတီရဲ့ အဆိုပြုမှုကို လက်လျှော့လိုက်တာ အမေရိကန်နိုင်ငံမှာ ရာစုနှစ် တစ်ဝက်ကျော်ကကာလအတွင်း ဒါဟာပထမဆုံးပဲဖြစ်ပါတယ်။

Source Reuters