၂၁ ဇူလိုင် ၂၀၂၄

အမေရိကန်ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ရုရှားနှင့်စစ်ပွဲအဆုံးသတ်ဖို့အတွက် ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာဇီလင်စကီးနှင့် သူဖုန်းဆက်သွယ်ပြောဆိုခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။

“ သမ္မတ ဇီလင်စကီးနှင့် ဆက်သွယ်လို့ရရင် သူ့ကိုကျေးဇူးတင်ပါတယ်။ အမေရိကန်ရဲ့ လာမယ့်သမ္မတတစ်ဦးအဖြစ် ကျွန်တော်ဟာ ကမ္ဘာကြီးထံ ငြိမ်းချမ်းရေးယူဆောင်လာပါမယ်။  လူ့အသက်ပေါင်းများစွာသေဆုံးပြီး မရေမတွက်နိုင်တဲ့ အပြစ် ကင်းစင်တဲ့မိသားစုတွေ ဒုက္ခရောက်ကြရတဲ့ စစ်ပွဲကို အဆုံးသတ်ပါမယ်” လို့ ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာပလက်ဖောင်း Truth မှာ ရေးသားခဲ့ပါတယ်။

“ နှစ်ဘက်စလုံးဟာ အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး စည်ပင်ဝပြောရေးလမ်းကြောင်းကို  ဦးတည်မယ့် သဘောတူညီချက်  တစ်ခုကို အတူတကွ စေ့စပ်ညှိနှိုင်းနိုင်ကြပါလိမ့်မယ်” လို့ သူကရေးသားခဲ့ပါတယ်။

အမေရိကန်ဟာ ရုရှားနှင့်စစ်ပွဲစတဲ့ ၂၀၂၂ ဖေဖော်ဝါရီကတည်းက ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး ထောက်ပံ့ခဲ့ပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ ထရမ့်နိုင်ခဲ့လျှင် ဝါရှင်တန်က ဆက်လက်ထောက်ပံ့ဦးမှာလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဇီလင်စကီးက ထရမ့်နှင့် ဖုန်းပြောတာကို အတည်ပြုပြီး ရီပတ်ဘလီကင်ပါတီရဲ့ သမ္မတလောင်းဖြစ်လာလို့ ဂုဏ်ယူတဲ့ အကြောင်း ထရမ့်ကိုသူပြောခဲ့တယ်လို့ပြောပါတယ်။

“  မျှတပြီးကြာရှည်ခံမယ့် ငြိမ်းချမ်းရေးအတွက် ဘယ်လိုအဆင့်တွေလုပ်နိုင်မယ်ဆိုတာကို ထရမ့်နှင့် ပုဂ္ဂိုလ်ရေးစည်းဝေး ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်” လို့ ယူကရိန်းသမ္မတက ဆိုရှယ်မီဒီယာ အိစ်စ်မှာ စာရေးတင်ခဲ့ပါတယ်။

Source AFP