Published 20 July 2024
ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြကျောင်းသားတွေက အကျဉ်းထောင်တစ်ခုကို ဝင်ရောက်သောင်းကျန်းခဲ့ပြီး နိုင်ငံတော်ရုပ်သံဌာန အဆောက်အအုံကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ်များ ဖြစ်ပျက်ခဲ့သလို ခရိုင် ၆၄ ခုထဲ တဝက်ခန့်နီးပါးလောက်မှာ ပစ်ခတ်ဖြိုခွဲမှုများ ရှိခဲ့သဖြင့် လူပေါင်း ၁၀၀ ကျော်သေဆုံးကြောင်း သတင်းရရှိထားပါတယ်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနဲ့အဖွဲ့က ဇူလိုင် ၁၉ ရက်နေ့မှာ တစ်နိုင်ငံလုံး အပြင်မထွက်ရအမိန့် ချမှတ်လိုက်ပြီး တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဖို့ တပ်မတော်အဖွဲ့ဝင်များကို နေရာချထားလိုက်ပါတယ်။
နိုင်ငံတဝှမ်း ဆက်သွယ်ရေးစနစ်များ ဆက်လက်ဖြတ်တောက်ထားကာ မိုဘိုင်းအင်တာနက်နဲ့ ဆိုရှယ်မီဒီယာများကို ပိတ်ဆို့ထားပါတယ်။
AFP သတင်းဌာနမှ လက်ရှိသတင်းပို့ချိန်မှာ သေဆုံးသူ ၁၀၅ ဦးရှိနေပါပြီ။
တိုင်းပြည်ကို အုပ်စိုးလာတာ ၁၅ နှစ်ကြာရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဟာဆီနာအစိုးရအဖွဲ့ကို ဖီဆန်ရင်းနဲ့ ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စစ်မှုထမ်းဟောင်းတွေနဲ့ ယင်းမျိုးဆက်တွေကို အစိုးရအလုပ်တွေမှာ လုပ်ခိုင်းဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်ကနေ ၃၀ ရာခိုင်နှုန်း ခွဲတမ်းချလိုက်တဲ့ ဇွန် ၅ ရက်နေ့စည်းမျဉ်းအပေါ် မကျေနပ်ကြကာ ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က ဇူလိုင် ၁၄ ရက်နေ့မှာ ဆန္ဒပြသူတွေကို သစ္စာဖောက်တွေလို့ သုံးနှုန်းခဲ့တဲ့အတွက် ပြဿနာပိုပြီး ကြီးထွားခဲ့ပါတယ်။
ဒါကြောင့်ပဲ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တောင်းဆိုခဲ့ရာမှာ မအောင်မြင်ခဲ့ပါဘူး။
ဆန္ဒပြပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တင်းမာမှုများကို ထင်ဟပ်ပြသရာရောက်ကြောင်း၊ နှစ်ပေါင်းများစွာတိုင်အောင် ဘင်္ဂလားဒေ့ရှ်စီးပွားရေးက ရုန်းကန်နေရပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတာ တကယ့်ပြဿနာဖြစ်နေကြောင်း၊ အရပ်ဘက်အစိုးရအမှုထမ်း ခွဲတမ်းစနစ်နဲ့ ဆန္ဒပြပွဲတွေကို အစိုးရရဲ့ ထိန်းသိမ်းဖြေရှင်းပုံတို့ကလည်း ပိုမိုဆိုးရွားစေကြောင်း၊ ၁၅ နှစ်ကျော်ကြာအောင် မျှတတဲ့ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူတွေက မဲပေးတဲ့အခါ အခြားရွေးချယ်စရာ များများစားစားမရှိတာကြောင့် ဆန္ဒပြပြီးတော့သာ ထုတ်ဖော်နေရကြောင်း ခရိုက်ဆစ်အဖွဲ့မှ အာရှဆိုင်ရာညွှန်ကြားရေးမှူး ပီယာရဲပရာကက်ရှ်က ပြောသွားပါတယ်။
ဝန်ကြီးချုပ်ဟာဆီနာက မငြိမ်မသက်မှုများကို ထိန်းသိမ်းကြဖို့ မိန့်ခွန်းပြောခဲ့ပေမယ့် ကျောင်းသားတွေကတော့ ဆန္ဒပြမှုတွေ ပြုလုပ်ပြီး ဆက်လက်ဖိအားပေးသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။
အင်ဒီပန်းဒန့်တယ်လီဗေးရှင်း ရုပ်သံဌာနမှ ပြောကြားချက်အရ ဇူလိုင် ၁၈ နေ့အထိ ရဲ ၁၀၄ ဦးနဲ့ သတင်းထောက် ၃၀ အပါအဝင် လူပေါင်း ၇၀၀ ကျော် ဒဏ်ရာရရှိထားပါတယ်။
Source: WION