#World_News
Published 19 July 2024


▪️ ဘင်္ဂလားဒေ့ရှ်မှာ အရပ်ဘက်အစိုးရအမှုထမ်း ခန့်ထားရေးစည်းမျဉ်းများကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြမှုများ ပိုမိုပြုလုပ်လာကြပြီး ကျောင်းသားတွေက နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနကို ကြာသပတေးနေ့က မီးရှို့ခဲ့ကြပါတယ်။

 

▪️ ဆန္ဒပြမှုများကြောင့် အနည်းဆုံးလူ ၃၉ ဦးသေဆုံးကာ အာဏာပိုင်တွေက အင်တာနက် လုံးဝပြတ်တောက်လုနီးပါးဖြစ်အောင် ကန့်သတ်လိုက်ပါတယ်။

 

▪️ ပြန်လည်ခုခံတိုက်ခိုက်တဲ့ ဆန္ဒပြသူအများအပြားနဲ့ မြို့တော်ဒါကာရှိ ဘင်္ဂလားဒေ့ရှ်ရုပ်သံ(BTV)ရုံးချုပ်သို့ ထွက်ပြေးလာတဲ့ အရာရှိများနောက် လိုက်လာတဲ့သူများကို ရဲတွေက ရော်ဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပါတယ်။

 

▪️ ဆန္ဒပြသူများက ရုပ်သံလွှင့်ဌာန အဆောက်အအုံနဲ့ အပြင်မှာ ရပ်ထားတဲ့ကားတွေကို မီးရှို့ခဲ့ကြကာ ဝန်ထမ်းတွေကတော့ အဆောက်အအုံကနေ ဘေးကင်းစွာ ထွက်ပြေးနိုင်ခဲ့တယ်လို့ ဌာနအမှုဆောင်တစ်ဦးက AFP ကိုပြောကြားခဲ့ပါတယ်။

 

▪️ ထိုနေ့မတိုင်ခင်က ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ခိုက်ရန်ဖြစ်ပွားမှုများကို လျှော့ချထိန်းသိမ်းဖို့ နိုင်ငံတော်မိန့်ခွန်း ပြောကြားခဲ့ပါသေးတယ်။

 

▪️ အသက် ၁၈ နှစ်ရှိ ဆန္ဒပြသူ ဘီဒီရှာရင်မ်ဂျင်မ်က 'ပထမဆုံးဖြစ်ချင်တာက ဝန်ကြီးချုပ်အနေနဲ့ တောင်းပန်ရမှာဖြစ်ပြီး နောက်တစ်ချက်က အသတ်ခံရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် တရားမျှတအောင် လုပ်ပေးရမယ်'လို့ AFP ကိုပြောပြပါတယ်။

 

▪️ ဆန္ဒပြမှုများရဲ့ အဓိကဆက်သွယ်ရေးကဏ္ဍဖြစ်တဲ့ ဆိုရှယ်မီဒီယာများနဲ့ မိုဘိုင်းအင်တာနက်များကို ကန့်သတ်ထိန်းချုပ်ခဲ့ကြတယ်လို့ အင်တာနက်ပြတ်တောက်မှု စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောပါတယ်။

 

▪️ ၁၉၇၁ ပါကစ္စတန်နဲ့ တိုက်ခိုက်တဲ့ လွတ်မြောက်ရေးစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ ကလေးတွေ အပါအဝင် အချို့သောသူတွေအတွက် အရပ်ဘက်အမှုထမ်းနေရာ တဝက်ကျော်သတ်မှတ်ထားတဲ့ ခွဲတမ်းစနစ် အဆုံးသတ်ရေး အလိုရှိကြောင်း ယခုလအတွင်း နေ့စဉ်နီးပါး ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

 

▪️ ထိုစနစ်ဟာ အစိုးရလိုလားပြီး ထောက်ခံတဲ့ သူတွေအတွက်သာ အခွင့်ထူးရစေတယ်လို့ ဝေဖန်သုံးသပ်သူများက ဆိုပါတယ်။

 

▪️ အသက် ၇၆ နှစ်ရှိ ဟာဆီနာက ၂၀၀၉ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်နေပြီး ဇန်နဝါရီလကလည်း ၄ ကြိမ်ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရခဲ့ပါတယ်။



▪️ ဟာဆီနာအစိုးရက အာဏာဆက်လက် ထိန်းချုပ်နိုင်ရန် အခြေခံဥပဒေများကို အလွဲသုံးစားလုပ်ခြင်း၊ အစိုးရအတိုက်အခံ လှုပ်ရှားသူများကို ဥပဒေပြင်ပ သတ်ဖြတ်ခြင်းအပါအဝင် သဘောထားကွဲလွဲမှုများကို သုတ်သင်ခြင်းများ ပြုလုပ်တယ်ဆိုပြီး အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များ စွပ်စွဲနေကြပါတယ်။

 

▪️ ကျောင်းသားတွေက တိုင်းပြည်ရဲ့ ချုပ်ချယ်မှုစနစ်ကြီးကို ဆန့်ကျင်နေကြတာဖြစ်ပြီး ဟာဆီနာကို အာဏာရှင်လို့ပင် ခေါ်ဝေါ်နေကြကြောင်း နော်ဝေးရှိ အော့စလိုတက္ကသိုလ်မှ ဘင်္ဂလားဒေ့ရှ်ကျွမ်းကျင်သူ မူဘာရှာဟာဆန်က ပြောသွားပါတယ်။

 

▪️ ဟာဆီနာက အခြေအနေများကို ထိန်းသိမ်းကြဖို့ BTV ကနေ ပြောကြားခဲ့ပေမယ့် ရဲတွေက ရော်ဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ဆန္ဒပြသူများကို ထပ်မံဖြိုခွဲခဲ့ကြပါတယ်။

 

▪️ ကြာသပတေးနေ့အထိ အနည်းဆုံးလူ ၃၂ ဦးသေဆုံးကာ ၅ ဦးက သေနတ်ဒဏ်ရာများ ရခဲ့တယ်လို့ ဒါကာ ဥတ္တရာခရက်ဆန့်ဆေးရုံမှ အရာရှိတစ်ဦးက ပြောပါတယ်။

 

▪️ တိုက်ခိုက်မှုများကြောင့် ဆေးရုံတက်ကုသနေရသူပေါင်း ၁ ထောင်နီးပါးရှိနေပါတယ်။

 

▪️ ဒါကာတိုင်းမ်စ် သတင်းဌာနမှ သတင်းထောက် မက်ဟယ်ဒီဟာဆန်ဟာ တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

▪️ ဆန္ဒပြသူတွေက နိုင်ငံတော်ကပ်ဘေး ထိန်းသိမ်းရေးဌာနဝင်ပေါက်ရှိ ကားတွေကိုလည်း မီးရှို့ခဲ့ပါတယ်။

 

▪️ အကြမ်းဖက်မှုတွေက ပြဿနာဖြေရှင်းရာမရောက်ဘူးလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဆိုလိုက်ကာ နှစ်ဖက်စလုံးအနေဖြင့် ထိန်းသိမ်းအလျှော့ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

 

#Source: France 24